မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက မိမိတို့အသင်း၏ ရာသီအစ ရလဒ်ဆိုးများကြောင့် ယခုရာသီတွင် ယူရိုပါလိဂ်အထိ ဆင်းကစားရမည်ကိုပင် စဉ်းစားခဲ့ရဖူးသည်ဟု ဝန်ခံပြောကြားခဲ့ပြီး၊ ယခုအချိန်တွင် အကောင်းဆုံးပုံစံကို ဆက်ထိန်းထားနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ရာသီအစောပိုင်းပွဲစဉ်များတွင် ရလဒ်များ ကမောက်ကမဖြစ်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယား အဆင့် (၁၂)နေရာအထိ ရောက်ရှိခဲ့ဖူးပြီး ယခုအချိန်တွင်မူ အမှတ်ပေးဇယားထိပ်ဆုံး၌ ပြိုင်ဘက်အသင်းများကို အမှတ်ဖြတ်ကာ ဦးဆောင်နေပြီဖြစ်သည်။
ဂွါဒီယိုလာက “တခြားအသင်းတွေ အမှားအယွင်းများနေတဲ့အချိန်မှာ ကျွန်တော်တို့အသင်းက ကိုယ့်အလုပ်ကိုယ်လုပ် နို်င်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်း အဆင့် (၁၂)နေရာမှာ ရှိနေတုန်းကဆိုရင် ဒီရာသီ ပရီးမီးယားလိဂ်ဖလားကိုတော့ မေ့လိုက်တော့။ လာမယ့်ရာသီ ယူရိုပါလိဂ်ဖလားကို အရယူဖို့သာ လုပ်ကြတော့မယ်လို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ရလဒ်ကောင်းတွေ ရရှိလာခြင်းက တစ်ပွဲပြီးတစ်ပွဲ ဘယ်လို ကစားမလဲဆိုတဲ့အချက်ကြောင့်ပါ။ အခုဆိုရင် ကျွန်တော့်အသင်းက နောက်ကစားမယ့်ပွဲစဉ်အတွက် ပျော်ပျော်ရွှင် ရွှင် တွေးနိုင်ပါပြီ။ မနက်ဖြန်ဆိုရင် နောက်တစ်ပွဲအတွက် စတင်ပြီး စဉ်းစားတော့မှာပါ”ဟု ဘန်လေအသင်းကို အနိုင်ရခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဂွါဒီယိုလာက လာမည့်ပွဲစဉ်များတွင် ပိုမိုခက်ခဲလာလိမ့်မည်ဟုလည်း ဝန်ခံပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ အခု ပိုခက်ခဲတဲ့အသင်းတွေနဲ့ ကစားရပါတော့မယ်။ လီဗာပူးလ်၊ စပါး၊ အဲဗာတန်၊ ဝက်စ်ဟမ်း၊ မန်ယူတို့နဲ့ ပွဲတွေက တကယ်ခက်ခဲမယ့်ပွဲတွေပါ”ဟု ဆိုခဲ့သည်။