ယနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ်တွင် အာဆင်နယ် အသင်းဟာ အဝေးကွင်းမှာ ဝုလ်ဗာဟမ်တန် အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ပြီး နောက်ဆုံး လိဂ် ၇ ပွဲ ဆက် ရှုံးပွဲ မရှိ မှတ်တမ်း ရပ်တန့် သွားခဲ့ပါတယ် ။
ဝုလ်ဗာဟမ်တန် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဘက်က ကစားသမား နှစ်ဦး အထိ အနီကဒ်ပြ ထုတ်ပယ် ခံခဲ့ရပါတယ် ။ အာဆင်နယ် အသင်းဟာ ပထမပိုင်းမှာ ဝုလ်ဗ် အသင်းကို ခြေအသာနဲ့ တရစပ် ဖိအားပေး ကစားနိုင်ခဲ့ပြီး ပေပေ ရဲ့တစ်ကိုယ်တော် သွင်းဂိုး နဲ့ ပွဲကို ဦးဆောင် နိုင်ခဲ့ပါတယ် ။
ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ် အသင်း နောက်ခံလူ ဒေးဗစ်လူးဝဇ် ဟာ ဂိုးဧရိယာ အတွင်းမှာ ဝီလီယံ ဟိုဆေး ကို ပြစ်ဒဏ် ကျူးလွန်တယ် ဆိုပြီး ဒိုင်လူကြီး ခရိတ် ပေါလ်ဆင် က အနီကဒ်လည်း ပြ ၊ ပင်နယ်တီလည်း သတ်မှတ် ပေးခဲ့ပါတယ် ။
ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ပြင်းထန်လွန်းတယ် ဆိုရမှာ ဖြစ်ပြီး VAR ကလည်း ခရိတ်ပေါလ်ဆင် ရဲ့ဆုံးဖြတ်ချက် ကို အသိအမှတ် ပြုခဲ့ပါတယ် ။ တကယ်ဆို လူးဝဇ် ဟာ ဝီလီယံ ဟိုဆေး အပေါ် ထိခိုက်မိတဲ့ အနေအထား လုံးဝ မရှိတာကို တွေ့မြင် ရပါတယ် ။ ရရှိလာတဲ့ ပင်နယ်တီကို နီဗက်စ် က ဝင်အောင် ကန်သွင်း နိုင်ခဲ့တာကြောင့် ဝုလ်ဗ်တို့ ချေပဂိုး ပြန်ရသွားခဲ့ပါတယ် ။
ဒုတိယပိုင်း အစမှာတော့ မော်တင်ဟို ရဲ့ အဝေးကန်ချက် ဂိုးဝင် သွားခဲ့ပြီး ဝုလ်ဗ် တို့ ပြန်လည် ဦးဆောင် နိုင်ခဲ့ပါတယ် ။ ၇၂ မိနစ်မှာတော့ အာဆင်နယ် ဂိုးသမား လီနို ထပ်မံ အထုတ် ခံခဲ့ရပြီး ၁၁ ယောက် -၉ ယောက် အနေအထားမှာ အာဆင်နယ် တို့ ဂိုးထပ်မပေးရအောင် ကစားနိုင်ခဲ့ပေမယ့် ချေပဂိုး မသွင်းနိုင်တာကြောင့် ရှုံးနိမ့် သွားခဲ့ရပါတယ် ။
ပွဲအပြီးမှာတော့ အာတီတာ က ဒေးဗစ်လူးဝဇ် အနီကဒ် ပြခံရတဲ့ အပေါ် နားမလည် နိုင်အောင် ဖြစ်မိကြောင်း နဲ့ အယူခံ ဝင်သွားမယ်လို့ ပြောကြား လိုက်ပါတယ် ။ ” ကျွန်တော် replay ကို မတူညီတဲ့ ရှုထောင့် ၅ နေရာကနေ ၁၀ ကြိမ် တိတိ ကြည့်ခဲ့ပြီးပါပြီ ၊ သူတို့ နှစ်ယောက် ထိခိုက် မိတာမျိုး လုံးဝ မရှိတာပါ ။ ”
” အယူခံ ဝင်သွားမှာလား ဆိုတော့ ဒါပေါ့ဗျာ ၊ အယူခံ ဝင်ရမှာပေါ့ ၊ အသင်းက ဥပဒေပိုင်းဆိုင်ရာ လူတွေနဲ့ စကားပြောပြီး အကောင်းဆုံးဖြစ်မယ့် အရာကို လုပ်သွားမှာပါ ။ ဒေးဗစ် တစ်ယောက် ထိမိ ဟန့်တားခဲ့တယ် ဆိုတဲ့ ရှုထောင့်မျိုး သူတို့ ဘက်မှာ ရှိသလား ဆိုတာတော့ မသိပါဘူး ။ ”
ဆုံးဖြတ်ချက် ကြီးကြီးမားမားတွေက ဒီလိုပါပဲ ၊ ဒါပေမယ့် အခု အချိန်မှာ ကျွန်တော့်ဘက်က ပြောင်းလဲအောင် မလုပ်ပေးနိုင်ပါဘူး ။ သူတို့ဘက်က မှန်ကန်တယ်လို့ ရှင်းလင်း ပြသ နိုင်ရင် ကျနော့်ဘက်က လက်မြှောက်ပြီး တောင်းပန် သွားမှာပါ ။ ”
” ကျွန်တော် အခု ဒီမှာ ထိုင်ပြီး ပြောနိုင်တာကတော့ ဘာထိမိမှု မှ မတွေ့ဘူး ဆိုတာပါပဲ ၊ တကယ့်ကို စိတ်ပျက်စရာပါ ၊ ဘာကြောင့်လဲ ဆိုတော့ ဒီ အခိုက်အတန့် က ပွဲကို အများကြီး ပြောင်းလဲ သွားစေခဲ့ပါတယ် ။ ”
လီနို ရဲ့ အနီကဒ် အပေါ်လည်း အာတီတာ ” ကျနော့် အမြင်အရတော့ သူက စက္ကန့် ပိုင်းအတွင်းမှာ ဆုံးဖြတ်ချက် အလျင်စလို ချလိုက်တာပါ ။ သူ ဘောလုံးကို တားဆီးဖို့ ကြိုးစား ခဲ့တာ ဖြစ်ပြီး သူ လုပ်နိုင်တဲ့ အရာ ဒီ့အပြင် ဘာမှ မရှိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။