မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနက်ဖြန်ည 11 ခွဲ အချိန် မှာတော့ FA ဖလား Round 4 ပွဲစဉ် အဖြစ် ခါးသီး ပြိုင်ဖက် လီဗာပူး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ရင်ဆိုင် ကစား ရဖို့ ရှိနေ ပါတယ် ။ ဒါဟာ နှစ်ဖက် အသင်း အတွက် တစ်ပါတ် အတွင်း ဒုတိယ အကြိမ် တွေ့ဆုံခြင်း ပါပဲ ။
ပြီးခဲ့တဲ့ တစ်ပါတ်ကတော့ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်း နှစ်သင်းဟာ အန်ဖီးလ် ကွင်းထဲမှာ ရင်ဆိုင်ခဲ့ ကြပြီး 0 – 0 ဆိုတဲ့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ကြ ပါသေးတယ် ။ အခုတော့ သူတို့ တွေဟာ အနိုင် အရှုံး ပြတ်သားအောင် ကစားရင်း နောက်တစ်ဆင့် တက်ရောက်ဖို့ ကြိုးစား ရပါ တော့မယ် ။
ဒီပွဲ မတိုင်မီ မှာတော့ ယူနိုက်တက် တို့ဟာ ဖူလ်ဟမ် အသင်း နဲ့ ရင်ဆိုင် ခဲ့ပြီး 1 – 2 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူကာ အမှတ်ပေး ဇယားကို ဦးဆောင် နိုင်ခဲ့ပါ သေးတယ် ။ အဆိုပါ ပွဲစဉ်မှာ ဆိုးလ်ရှား က ဒီဂီယာ ၊ ဘစ်ဆာကာ ၊ ဘိုင်လီ ၊ မက်ဂွားယား ၊ ရှော ၊ ဖရက်ဒ် ၊ ပေါ့ဂ်ဘာ ၊ ဘရူနို ၊ မာရှယ် ၊ ကာဗာနီ နဲ့ ဂရင်းဝုဒ် တို့ကို ပွဲထွက် စေခဲ့ ပါတယ် ။
အခုတော့ ဆိုးလ်ရှားက လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မတိုင်မီ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းသား အချို့ကို အနားပေးပြီး ပွဲထွက် ကစားသမား စာရင်း အပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိကြောင်း ၊ ဒါပေမယ့် အနိုင်ယူ နိုင်မယ်လို့ ယုံကြည်ရလောက်တဲ့ ကစားသမား စာရင်းကို ပွဲထုတ် သွားမယ်လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။
” ကျွန်တော်တို့ ကစားသမား အပြောင်းအလဲ အချို့ လုပ်ဆောင် သွားကြမှာပါ ။ ဒါဟာ သေချာလှ ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ပါးတည်း အသင်းကောင်း တစ်သင်း ကိုလည်း သေချာပေါက် ထုတ်သုံး သွားမှာပါ ။ ဒီပွဲကို အနိုင်ယူ နိုင်မယ်လို့ ခံစားရတဲ့ အသင်းမျိုးကို ကျွန်တော် ထုတ်သုံး သွားမှာပါ ”
” ဒါက ခက်ခဲတဲ့ ပွဲစဉ် ဖြစ်မယ် ဆိုတာ ကျွန်တော် သိပါတယ် ။ ဟုတ်ပါတယ် ၊ ခင်ဗျားလည်း ပထမဆုံး ဆုဖလားကို လက်ဝယ် ကိုင်ထား ချင်မှာ ပါပဲ ။ ဒါပေမယ့် ခင်ဗျားတို့ ဘယ်လောက် အထိ တိုးတက် ကောင်းမွန် လာခဲ့သလဲ ဆိုတာကို အမှတ်ပေး ဇယား ရပ်တည်မှု ကပဲ ဆုံးဖြတ် ပေးတာပါ ”
” အသင်းတိုင်းက ဖလား ပြိုင်ပွဲ တွေမှာ လွယ်ကူတဲ့ ပြိုင်ဖက် တွေနဲ့ တွေ့ကောင်း တွေ့နိုင် ပါတယ် ။ ဒါပေမယ့် ကျွန်တော်က အဲ့တာမျိုး တစ်ခါမှ မပိုင်ဆိုင် ခဲ့ဖူး ပါဘူး ။ ကျွန်တော် ဆိုရင် မဲခွဲပွဲတွေတောင် သိပ်မကြည့် ဖြစ်တော့ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ မဲခွဲ ရလဒ်တိုင်းမှာ ကျွန်တော် တို့ဟာ ခက်ခဲတဲ့ ပြိုင်ဖက် တွေနဲ့ပဲ ရင်ဆိုင် နေခဲ့ရလို့ ပါပဲ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟိုခံစစ် ကစားသမား ဖြစ်သူ ဗစ်တာ လင်ဒီလော့ဖ်ဟာ လီဗာပူး အသင်းနဲ့ ရင်ဆိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင် နိုင်ခဲ့ပေမယ့် နောက်ကျော ဒဏ်ရာ ရရှိ နေခဲ့တဲ့ အတွက် ဖူလ်ဟမ် အသင်းနဲ့ ပွဲစဉ်မှာ မပါဝင် နိုင်ခဲ့ ပါဘူး ။ ဆိုးလ်ရှား ကတော့ သူဟာ လီဗာပူး နဲ့ ပွဲမှာ ပါဝင် နိုင်လိမ့်မယ်လို့ မျှော်လင့် နေပါတယ် ။
” ဗစ်တာဟာ ဒီတစ်ပါတ်မှာတော့ ကောင်းမွန် နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ဒါက ပွဲတွေ ကစားရတာ မြန်ဆန်လွန်းတဲ့ ဘောလုံး ရာသီ တစ်ခုပါ ။ သူဟာ ခရီးတွေ ထွက်ရတာ များနေခဲ့ပြီး နောက်ကျော ဒဏ်ရာ ပြန်ထ လာတာပဲ ဖြစ်ပါတယ် ။ သူဟာ အဆင့်သင့် မဖြစ်ခဲ့တဲ့ အတွက် ဖူလ်ဟမ် နဲ့ ပွဲမှာ ကျွန်တော်ဟာ အဲရစ်ကို ကစား စေခဲ့တာပါ ”
” အခုတော့ ကျွန်တော်တို့ တွေဟာ အားလပ်ရက် လေးရက်လောက် ရရှိနိုင်ခဲ့ကြ ပါတယ် ။ ဗစ်တာ ကလည်း ဆေးကုသမှု တွေကို ခံယူခဲ့ သလို အပေါ့စား လေ့ကျင့်ရေး အချို့ ကိုလည်း လုပ်ဆောင် ထားနိုင်ခဲ့ ပါတယ် ။ ဒီပွဲ အတွက်တော့ သူဟာ အဆင်သင့် ဖြစ်နေသင့် ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။