လီဗာပူးဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဘန်လေကို အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ကာ အိမ်ကွင်း ရှုံးပွဲမရှိ စံချိန် အဆုံးသတ် သွားခဲ့ပေမယ့်လည်း ဂရေမီဆောင်းနက်က ယာဂန်ကလော့ရဲ့ အသင်းဟာ လက်ရှိမှာ ပုံစံကောင်း ပျောက်နေ ပေမယ့်လည်း ပရီးမီးယားလိဂ် title race ကနေ လွင့်စင်သွားခြင်းတော့ မရှိသေးဘူးလို့ သုံးသပ် လိုက်ပါတယ်။
ယာဂန်ကလော့ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အမှတ်ပေးဖလားကို သက်တောင့်သက်သာ ဆွတ်ခူး နိုင်ခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ဒဏ်ရာ ပြသနာတွေရဲ့ ထိုးနှက်မှုတွေနဲ့ အတူ နောက်ပိုင်း ပွဲစဉ်တွေမှာ ကစားသမား တော်တော်များများ ပုံစံကောင်းတွေ ပျောက်ဆုံးကုန်ကြပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တဲ့ အပြင် သွင်းဂိုးကလည်း ၁ ဂိုးသာ ရယူ နိုင်ခဲ့ပါတယ်။
အက်ရှ်လေဘန်းရဲ့ ၈၃ မိနစ် ပင်နယ်တီ သွင်းဂိုးနဲ့ အရေးနိမ့်ကာ ပရီးမီးယားလိဂ် အိမ်ကွင်း ၆၈ ပွဲဆက် ရှုံးပွဲ မရှိ စံချိန် ကျိုးပျက် သွားခဲ့တဲ့ လီဗာပူးဟာ ဒီရာသီ ၁၉ ပွဲကစားပြီး ချိန်မှာ ၁၀ ပွဲထိ နိုင်ပွဲ ပျောက်ဆုံး ခဲ့ကာ လူတော်တော်များများက ယာဂန်ကလော့ ရဲ့ အသင်း အနေနဲ့ ဒီရာသီ အမှတ်ပေးဖလားထက် စာရင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့သာ အဓိက ပစ်မှတ် ထားရတော့မယ်လို့ သုံးသပ် နေကြပါတယ်။
ဒါပေမယ့်လည်း ဆောင်းနက်က လီဗာပူးကို title race ဟာ ဖယ်ထုတ်လိုက်မယ် ဆိုရင် ရူးမိုက်ရာ ကျလိမ့်မယ်လို့ ဆိုသွား ပါတယ်။
ဆောင်းနက်က “လက်ရှိမှာ လီဗာပူးတို့ အခြေအနေ ဆိုးရွား နေပေမယ့်လည်း ကျွန်တော် လီဗာပူးမှာ ကစားခဲ့တဲ့ အချိန်တုန်းက မန်စီးတီးကို ဘောက်ဆင်ဒေးမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အဆင့် ၁၂ နေရာထိ ရောက်သွား ခဲ့တာကို မှတ်မိ နေပါသေးတယ်။ ဒီလို ဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော်တို့ ရာသီကုန်မှာ အမှတ်ပေးဖလားကို ဆွတ်ခူး နိုင်ခဲ့ပါသေးတယ်။ လီဗာပူးဟာ ဒီအချိန်မှာ ရမှတ် ၆ မှတ်ပဲ ကွာဟ နေတာပါ။ သူတို့ title race ကနေ မထွက်သေးပါဘူး။
သူတို့ လက်စတာ ၊ စပါး ၊ မန်စီးတီး တို့နဲ့ ပွဲမှာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူ နိုင်ခဲ့မယ် ဆိုရင် ရုတ်တရက် ဆိုသလို သူတို့ဟာ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလားကို ထပ်မံ ဆွတ်ခူး နိုင်မယ့် အသင်းလို ပြန်ဖြစ်လာမှာပါ။ ဒါပေမယ့် သူတို့ဟာ လက်ရှိမှာ ဒီအနေအထားနဲ့ အဝေးကြီးမှာ ရှိနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ဆက်လက်ပြီး ဆောင်းနက်က “လီဗာပူးဟာ နောက်ဆုံး ၃ ရာသီ အတွင်း ကျွန်တော်တို့ မြင်ခဲ့ရတဲ့ အသင်းရဲ့ အရိပ်လို ဖြစ်နေပါတယ်။ သူတို့ဟာ ဘောလုံးကိုင်ထားတဲ့ အချိန်တိုင်း လေးလံနေပြီး final third ရောက်တဲ့ အချိန်တိုင်း ဘောလုံး ပေးပို့မှုတွေ ဆုံးဖြတ်ချက်တွေ မှားယွင်း နေပါတယ်။ သူတို့ဟာ ခံစစ် ကနေ တိုက်စစ် အထိ အရည်အသွေးပိုင်း လိုအပ်ချက်တွေ ရှိနေပါတယ်။ လီဗာပူး အတွက် စိတ်ပျက်စရာ ညတစ်ညပါ။ ကလော့ အနေနဲ့ တစ်စုံတစ်ခုတော့ လုပ်သွားရမှာပါ။ သူတို့ဟာ ရာသီဝက်ကျိုးချိန်ထိ ပုံစံကောင်းမှာ မရှိသေးပါဘူး။
ဒါဟာ ကလော့ အတွက် စမ်းသပ်မှု တစ်ခု ဖြစ်လာမှာပါ။ ကလော့ အနေနဲ့ သူ့ကစားသမားတွေ ဆီက ဘာတွေ ရနိုင်မလဲ ဆိုတာ ရှာဖွေသွားရမှာပါ။ သူတို့ဟာ ဥရောပ ချန်ပီယံ ၊ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီး သူတို့ ပခုံးပေါ်မှာ မျှော်လင့်ထားမှုတွေ ရှိနေပါတယ်။ သူတို့ဟာ ဒါတွေကို ကောင်းကောင်း မဖြေရှင်း ထားနိုင်ခဲ့ပါဘူး။ ဒါတွေဟာ စပယ်ရှယ် အသင်း ဖြစ်စေခဲ့တာပါ။ လီဗာပူးဟာ ဒီစိန်ခေါ်မှုတွေ အတွက် အဆင်သင့် ဖြစ်မနေ ခဲ့ပါဘူး။
လီဗာပူးဟာ ဒီရာသီ အသင်းလေးတွေနဲ့ ကစားရမှာ ရမှတ် ဆုံးရှုံးမှုတွေ များပြားနေပြီး ဖူဟမ် ၊ ဘရိုက်တန် ၊ နယူးကာဆယ် ၊ ဝက်ဘရွမ်း တို့ကို သရေကျခဲ့တဲ့ အပြင် ဘန်လေ ကို ၁-၀ နဲ့ ဗီလာကို ၇-၂ နဲ့တောင် ရှုံးထားခဲ့ပါတယ်။ ဆောင်းနက်က လီဗာပူးရဲ့ ကျဆင်းမှုဟာ ရာသီအစမှာကတည်းက ရှိနေခဲ့တာ ဖြစ်တယ်လို့ သုံးသပ်လိုက်ပြီး ဗီလာကို ၇-၂ နဲ့ ရှုံးနိမ့်ခဲ့ခြင်းဟာ ဒီကျဆင်းမှုတွေရဲ့ အစ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဆောင်းနက်က “အသင်းငယ်လေးတွေနဲ့ ပွဲစဉ်တွေက မှတ်တမ်းဟာ ကောင်းမွန်တဲ့ လက္ခဏာ မဟုတ်ပါဘူး။ အသင်းကြီးတွေနဲ့ ပွဲစဉ်တွေမှသာ အဆင်သင့် ဖြစ်နေမယ် ဆိုရင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူး နိုင်မှာ မဟုတ်ပါဘူး။ ပွဲစဉ်တိုင်းမှာ ကွင်းထဲကို ဝင်ရောက်လိုက်ပြီ ဆိုတာနဲ့ အဆင်သင့် ဖြစ်နေမှသာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်မှာပါ။ ခင်ဗျားတို့ ရာသီအစပိုင်းကို ပြန်ကြည့်ရမှာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာကို သူတို့ ၇ ဂိုးထိ ပေးခဲ့ရပါတယ်။ ဝမ်းနည်းပါတယ်။ ပွဲတစ်ပွဲကို ၇ ဂိုးနဲ့ ရှုံးနိမ့်တာဟာ လုံး၀ မဖြစ်သင့်ပါဘူး။
ကျွန်တော် ဒီကစားသမား အစုအဖွဲ့ကို ကြည့်လိုက်ပါတယ်။ သူတို့ဟာ အရမ်းကို ကောင်းခဲ့ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည် တည်ငြိမ်မှုဟာ အံ့မခန်းပါပဲ။ ဒါပေမယ့် အခုဟာက နည်းနည်း ကျဆင်းသွားတာ မဟုတ်ပါဘူး။ တကယ့်ကို ကြီးကြီးမားမား ကျဆင်း သွားတာပါ။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ဘယ်လို လုပ်သွားရမလဲ ဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒီကစားသမား အစုအဖွဲ့မှာ လူငယ်တွေနဲ့ ဝါရင့် ကစားသမားတွေ ပေါင်းစပ် ထားခဲ့တာပါ။ သူတို့ရဲ့ အရည်အသွေးပိုင်း ကျဆင်းမှုဟာ ကြီးမားလှပါတယ်။” လို့ ဝေဖန်လိုက်ပါတယ်။