မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ဗီလာအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူ ဒီဘရိုင်နားနှင့် ညာနောက်ခံလူ ဝေါ်လ်ကာတို့၏အခြေအနေ ပြင်းထန်မှုမရှိစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁) ပွဲကျန် အဖြစ် ဗုဒ္ဓဟူးနေ့က ဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားရာ အိမ်ကွင်း၌ (၂)ဂိုးပြတ်အနိုင်ရခဲ့သည်။
သို့သော် အဆိုပါပွဲတွင် မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာသည် ပြိုင်ဘက်ကွင်းလယ်လူ ဂရီးလစ်ရှ်နှင့် ထိခိုက်မိရာမှ ပထမပိုင်း (၂၈) မိနစ်မှာပင် လူစားလဲခဲ့ရသလို၊ ဒီဘရိုင်းနားမှာလည်း ကြွက်သားဒဏ်ရာကြောင့် ဒုတိယပိုင်း (၅၉) မိနစ်တွင် လူစားလဲ ခဲ့ရသည်။
၎င်းတို့၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ဂွါဒီယိုလာက “ပထမဆုံးအနေနဲ့ ပြောချင်တာက ကျွန်တော် ဆရာဝန်နဲ့ စကား မပြောရသေးပါဘူး။ ကိုင်လီ(ဝေါ်လ်ကာ)က တစ်ခုခုဖြစ်နေလို့ လူစားလဲခိုင်းတာပါ။ သာမန်ထိခိုက်မိတာပဲဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။ ဒီဘရိုင်းနားကလည်း ခြေထောက်ကို လက်နဲ့ကိုင်ထားရတယ်။ ဒါက ကြွက်သားမှာတစ်ခုခုဖြစ်တဲ့ပုံစံပါပဲ။ ဒီလောက်ပွဲအရေအတွက်ကစားရချိန်မှာ ဒီလိုဖြစ်တတ်တာက ပုံမှန်ပါပဲ။ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့သူဖြစ်လို့ အနားမပေးတာပါ”ဟု ပြောကြားခဲ့သည်။
ဒီဘရိုင်းနားသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်းအတွက် ဂိုးဖန်တီးမှု (၁၀)ကြိမ်အထိ ပြုလုပ်ပေးထားပြီး အသင်း၏အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။