ချယ်လ်ဆီးအသင်းသည် လက်ရှိနည်းပြလမ်းပတ်၏လက်ထက် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်များတွင် Clean Sheet ရသည့်ပွဲ (ဂိုးမပေးရသည့်ပွဲ) (၅)ပွဲသာရှိပြီး ချယ်လ်ဆီးအသင်းသမိုင်းတစ်လျှောက် အသင်းကိုကိုင်တွယ်ခဲ့သော နည်းပြများထဲတွင် အဆိုးဆုံးမှတ်တမ်းကို ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။
လမ်းပတ်သည် ချယ်လ်ဆီးအသင်းအား ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘောလုံးရာသီအစမှ စတင်ကိုင်တွယ်ခဲ့ပြီး အသင်းကို သူကိုင်တွယ်သည့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်(၂၉)ပွဲ ရှိသွားခဲ့ပြီ ဖြစ်သည်။
ယင်း(၂၉)ပွဲတွင် လမ်းပတ်၏ချယ်လ်ဆီးအသင်း Clean Sheet ရသည့်ပွဲမှာ (၅)ပွဲသာရှိပြီး ကျန်(၂၄)ပွဲတွင် ပြိုင်ဘက်အသင်းများကို ဂိုးပေးခဲ့ရသည်။
သို့ဖြစ်ရာ သူ၏လက်ထက် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် (၂၉)ပွဲ၌ Clean Sheet ရသည့်ပွဲ ရာခိုင်နှုန်းမှာ ၁၇% သာရှိပြီး ချယ်လ်ဆီးအသင်းကို အဝေးကွင်းပွဲစဉ်(၁၀)နှင့်အထက် ကိုင်တွယ်ခဲ့သောနည်းပြများတွင် အဆိုး ရွားဆုံးဖြစ်ကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဘောလုံးရာသီအစမှစတင်၍ ချယ်လ်ဆီးအသင်း၏ ပရီးမီးယားလိဂ်အဝေးကွင်းပေးဂိုးမှာ (၅၀)ဂိုးအထိ ရှိခဲ့ပြီဖြစ်ပြီး ချယ်လ်ဆီးအသင်းထက် ပိုများသည်မှာ နယူးကာဆယ်(၅၂ ဂိုး)တစ်သင်းတည်းသာရှိကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သော လက်စတာအသင်းနှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်တွင် ရှုံးနိမ့်ခဲ့ခြင်းမှာ နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် (၈)ပွဲတွင် (၅)ပွဲမြောက်ရှုံးနိမ့်မှုဖြစ်ခဲ့ပြီး လမ်းပတ်က သူ့အသင်း၏ ကစားပုံအတွက် စိုးရိမ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းပွဲအပြီးတွင် ချယ်လ်ဆီးအသင်းမှာ အမှတ်ပေးဇယား၌ အဆင့် (၈)အထိကျဆင်းသွားခဲ့ရာ လမ်းပတ်က ”ဒါဟာ ကျွန်တော်တို့လိုချင်တဲ့ အနေအထားတစ်ရပ်မဟုတ်ပါဘူး။ အသင်းအတွက် ကျွန်တော် စိုးရိမ်ပူပန်နေပါပြီ။ ကျွန်တော်တို့အရင် ရရှိထားတဲ့ပုံစံကနေ လက်ရှိပုံစံကို လျင်မြန်စွာပြောင်းလဲသွားတာ စိုးရိမ်စရာပါပဲ။ ပြီးခဲ့တဲ့တစ်ပတ်က ဖူလ်ဟမ်ကိုနိုင်ခဲ့တဲ့ပွဲက ပုံစံနဲ့ အရင်အနိုင်ရတဲ့ပွဲတွေက ပုံစံမျိုးတောင် ခြားနားနေပါပြီ။ နောက်ဆုံး(၈)ပွဲမှာ (၅)ပွဲရှုံးတဲ့အခြေအနေထက်တော့ ကျွန်တော်တို့ ပိုကောင်းသင့်ပါတယ်။ ကျွန်တော့်အသင်းဟာ ငယ်ရွယ်တဲ့သူတွေများတဲ့အသင်းတစ်သင်းပါ။ သူတို့လည်း စိတ်မကောင်း ဖြစ်နေကြပါတယ်။ အဝတ်လဲခန်းထဲမှာ သူတို့ကို ကျွန်တော် ဆန့်ကျင်ပြီး မပြောခဲ့ပါဘူး။ သူတို့အနေနဲ့ သင်ခန်းစာယူဖို့ပဲရှိပါတယ်” ဟု ပြောကြားခဲ့သည်။
လက်စတာအသင်းသည် နည်းပြ ဘရန်ဒန်ရော်ဂျာလက်ထက်တွင် ချယ်လ်ဆီးအသင်းအား ပရီးမီးယားလိဂ်ပွဲစဉ် (၁၁)ပွဲဆုံတွေ့ဖူးရာ၌ တစ်ပွဲမှ အနိုင်မရခဲ့ဘဲ (၇ ပွဲသရေ၊ ၄ ပွဲရှုံး)ယခု (၁၂)ပွဲမြောက်တွင်မှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
ယင်းပွဲရှုံးနိမ့်ပြီးနောက် လမ်းပတ်က သူ၏အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အသင့်မဖြစ်သေးကြောင်းလည်း ပြောကြားခဲ့သည်။
”ကျွန်တော်တို့အနေနဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရပါတယ်။ အဲဒီနောက် အသင်းမှာ လူငယ်တွေနဲ့ ကစားသမားသစ် တွေများပြားခဲ့ပါတယ်။ ဒီအသင်းရဲ့ မျှော်လင့်ချက်ကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ချယ်လ်ဆီးအသင်းအနေနဲ့ ချန်ပီယံဆုတွေကိုရယူခဲ့တဲ့ အရင်က အသင်းအခြေအနေမျိုး ရှိမနေပါဘူး။ အသင်းအနေနဲ့ ခြေစွမ်းတသမတ်တည်း တည်ငြိမ်မှု၊ ကြံ့ခိုင်တောင့်တင်းမှု၊ အတွေ့အကြုံကြွယ်ဝမှုတို့မှာ ပရီးမီးယားလိဂ်ချန်ပီယံအသင်းတစ်သင်းရှိသင့်တဲ့ အနေအထားမျိုးမှာ ရှိမနေပါဘူး”ဟု လမ်းပတ်က မီဒီယာများကို ဆက်လက်ပြောကြားခဲ့သည်။