အာဆင်နယ် အသင်း နည်းပြ မီခေးလ် အာတီတာ က နယူးကာဆယ် အသင်း နဲ့ ပွဲမှာ တိုက်စစ်မှူး အူဘာမီယန်း ကို လူစား လဲခဲ့ရတာဟာ ကာယကံရှင် ရဲ့ တောင်းဆိုမှုကြောင့် ဖြစ်ပြီး အစာအိမ် ပြဿနာ ကြောင့် ဖြစ်ကြောင်း ရှင်းပြ သွားခဲ့ပါတယ် ။
အူဘာမီယန်း ဟာ နယူးကာဆယ် နဲ့ ပွဲ ပထမပိုင်းမှာ အပိုင် အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် တိုင်ထိ ၊ လွဲချော် နေခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ အူဘာ ဟာ ပါတေး ရဲ့ ပေးပို့မှုကနေ အာဆင်နယ် အတွက် ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ပြီး ပွဲသိမ်းဂိုးကိုလည်း ဆစ်ဒရစ် ရဲ့ ပေးပို့မှုကနေ ထပ်မံ သွင်းယူ ခဲ့ပါတယ် ။
ဒါပေမယ့်လည်း အူဘာမီယန်း ဟာ သူ့ရဲ့ ဒုတိယသွင်းဂိုး သွင်းအပြီး မိနစ်ပိုင်း အကြာမှာတင် ဝီလီယံ နဲ့ လူစားလဲ ခံခဲ့ရပါတယ် ။ အူဘာ တစ်ယောက် ဟက်ထရစ် ရနိုင်ချေ ရှိနေတာကို လူစားလဲ ခံခဲ့ရတဲ့အပေါ် ပရိသတ်တွေက အံ့အားသင့်ခဲ့ကြပြီး အာတီတာ ကတော့ ပွဲအပြီးမှာ ဖြေရှင်း သွားခဲ့ပါတယ် ။
အူဘာ ဟာ လူစားလဲ ခံရပြီးပြီးချင်းမှာ ဥမင် လှိုဏ်ခေါင်း အတွင်း အလျင်စလို ပြေးဝင်သွားခဲ့တာကိုလည်း တွေ့မြင် ခဲ့ရပါတယ် ။ အာတီတာ ကတော့ အူဘာ ဟာ လူစားလဲပေးဖို့ သူ့ကို တောင်းဆို ခဲ့တာ ဖြစ်ပြီး အစာအိမ် ပြဿနာကြောင့် ဖြစ်ကြောင်း ဆိုပါတယ် ။
” သူ့ ကိစ္စက မဖြစ်မနေ ဖြေရှင်းမှ ရတော့ မှာ မို့လို့ ကျွန်တော်တို့ လူစား လဲ ခဲ့ရတာပါ ၊ အစာအိမ် ပြဿနာ သေးသေးလေးပါပဲ ၊ တခြား ကိစ္စ မဟုတ်ရပါဘူးဗျာ ။ သူက ယုံကြည်မှု ပြန်တွေရဖို့ ဂိုးတွေ လိုအပ်နေခဲ့တာ ဖြစ်ပြီး အသင်းဘက်ကလည်း နိုင်ပွဲတွေ ရဖို့ သူ့သွင်းဂိုးတွေ လိုအပ်ပါတယ် ။ ”
” သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို ကျနော်တို့ လိုအပ်ပါတယ် ။ ကျွန်တော်တို့ သူ့ရဲ့ သွင်းဂိုးတွေကို လွမ်းနေခဲ့တာပါ ၊ ပထမပိုင်း အတွင်း သူ အပိုင် ဂိုးသွင်းခွင့် သုံး လေးကြိမ် ရခဲ့ပေမယ့် ဂိုးရအောင် မသွင်းနိုင်ခဲ့ပါဘူး ။ ”
” ဒါပေမယ့် ဒီနေ့ပွဲမှာ သွင်းဂိုးတွေ ပြန်ရတာက သူ့ရဲ့ ယုံကြည်မှု အတွက် ပိုကောင်းစေပါတယ် ၊ ဒါမျိုးက သူ့ ကစားသမား ဘဝ တစ်လျှောက် လုပ်ပြ ခဲ့ပြီးသားပါပဲ ။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့လည်း လိုအပ်ပါတယ် ။ ”
” အူဘာ က အခုလို ခက်ခဲတဲ့ အခြေအနေကို ကျော်ဖြတ်ပြီး သွင်းဂိုး နှစ်ဂိုး သွင်းယူ နိုင်ခဲ့ပါတယ် ။ သူ ဘယ်လောက်အထိ ခံစားခဲ့ရသလဲ ဆိုတာကို သူပဲ သိပါတယ် ၊ သူက အသင်း ရဲ့ အောင်မြင်မှု အတွက် အရေးပါတဲ့ ကစားသမား ပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။