လီဗာပူးဟာ မနေ့ညက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ ဂိုးမရှိ သရေကျ ခဲ့ပြီးနောက် အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာထိ ကျဆင်း သွားခဲ့ ပေမယ့်လည်း ယူနိုက်တက် ဂန္ထဝင် ရွိုင်းကိန်း ကတော့ လီဗာပူး တို့ ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားကို ကာကွယ် နိုင်လိမ့်မယ်လို့ ထောက်ခံ သွားခဲ့ပါတယ်။ လက်ရှိ ချန်ပီယံ လီဗာပူးဟာ မနေ့ညက အန်ဖီးမှာ မန်ယူနိုက်တက် နဲ့ ဂိုးမရှိ သရေ ကျခဲ့တာကြောင့် ထိပ်ဆုံးက အသင်းနဲ့ ၃ မှတ် ကွာဟ နေဆဲ ဖြစ်ပါတယ်။
မန်စီးတီးဟာ မနေ့ညက နောက်ကျပွဲမှာ ခရစ်စတယ်ပဲလေ့စ်ကို ၄-၀ နဲ့ အနိုင် ရရှိခဲ့တာကြောင့် လီဗာပူးကို ကျော်ကာ ဒုတိယ နေရာကို တက်သွားခဲ့ပြီး လက်စတာ ကလည်း လီဗာပူး အထက်မှာ တစ်မှတ် အသာ တတိယ နေရာမှာ ရှိနေပါတယ်။ ဒီရာသီ title race ဟာ တကယ့်ကို အကြိတ်အနယ် ဖြစ်လျက် ရှိနေပြီး အဆင့် ၁ နဲ့ အဆင့် ၆ ကြား ရမှတ် ကွာဟမှု ၅ မှတ်သာ ရှိနေ ပါတယ်။
လီဗာပူးရဲ့ နောက်မှာ စပါးက တစ်မှတ် အကွာ အဲဗာတန်နဲ့ ၂ မှတ် အကွာနဲ့ ဖိအားပေးလျက် ရှိနေပြီး ယာဂန်ကလော့ရဲ့ အသင်း အနေနဲ့ ဒီထက် အဆင့်မကျဖို့ အတွက် လာမည့် ပွဲစဉ်တွေမှာ ရလဒ်တွေ ဆက်တိုက် ကောင်းနေဖို့ လိုအပ် နေပါတယ်။ လီဗာပူးဟာ လက်ရှိ အချိန်မှာ ခံစစ်ပိုင်း ဒဏ်ရာ ပြသနာတွေ အပြင် front three ရဲ့ ပုံစံကောင်း ပျောက်ဆုံးမှုတွေကြောင့် ရုန်းကန် နေရပြီး နောက်ဆုံး ၄ ပွဲမှာ သွင်းဂိုး ၁ ဂိုးသာ ရှိထားခဲ့ပါတယ်။
ဒါပေမယ့်လည်း ကိန်းက လီဗာပူး တို့သာ အမှတ်ပေးဖလားကို ထပ်မံ ဆွတ်ခူး နိုင်လိမ့်မယ်လို့ သုံးသပ် လိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်က ယာဂန်ကလော့ရဲ့ အသင်းဟာ လက်ရှိမှာ ပုံစံကောင်း ပျောက်ဆုံးနေခဲ့ ပေမယ့်လည်း မကြာမီ အကောင်းဆုံး ပုံစံ ပြန်ရကာ အမှတ်ပေးဖလားကို ဆွတ်ခူး နိုင်လိမ့်မယ်လို့ ယူဆ နေပါတယ်။
ကိန်းက “အမှတ်ပေးဖလား အတွက် ကျွန်တော် လီဗာပူးပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဆက်လက် ယူဆ နေဆဲပါ။ သူတို့ဟာ အခုချိန်မှာ ခက်ခဲတဲ့ ကာလတွေကို ဖြတ်သန်း နေရတာ သိသာ ထင်ရှားပါတယ်။ ပြီးတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်း သူတို့ ချထားခဲ့တဲ့ အဆင့်အတန်းဟာ အရမ်းကို မြင့်မား လွန်းခဲ့တာလည်း ပါပါတယ်။
သူတို့ရဲ့ တိုက်စစ် ကစားသမား တွေဟာ အရမ်း ကောင်းပါတယ်။ သူတို့ဟာ ဒီအချိန်မှာ ထက်မြက်မှု ပျောက်ဆုံး နေတယ်လို့ ကျွန်တော် ပြောခဲ့ ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပုံစံကောင်း ပြန်ရ လာမှာပါ။ ဒီရာသီ အသင်းတိုင်းဟာ အတက်အကျ ကာလတွေ ရှိခဲ့တယ် ဆိုတာ ကျွန်တော်တို့ မြင်တွေ့ ခဲ့ပြီးပါပြီ။ ကျွန်တော် ကတော့ သူတို့ဟာ ချန်ပီယံ ဖြစ်ဖို့ လုံလောက်တဲ့ အရည်အသွေး ၊ လုံလောက်တဲ့ စွမ်းအင်လည်း ရှိနေတယ်လို့ ထင်ပါတယ်။ သူတို့မှာ ကလော့လို နည်းပြမျိုးလည်း ရှိနေပါတယ်။ သူတို့ ချန်ပီယံ ဖြစ်လိမ့်မယ် ဆိုတဲ ကျွန်တော့်ရဲ့ ယုံကြည်မှုကို ဆက်လက် စွဲကိုင် ထားပါတယ်။” လို့ ပြောလိုက် ပါတယ်။
ဒီရာသီဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း ပြိုင်ဆိုင်မှု အပြင်းအထန်ဆုံး title race ဖြစ်လာနိုင်ပြီး လီဗာပူး ၊ မန်ယူနိုက်တက် နဲ့ မန်စီးတီး တို့ထဲက တစ်သင်းသင်းပဲ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ လူအများစုက ယူဆ ထားကြပါတယ်။ ကိန်းက လက်စတာ ကလည်း အမှတ်ပေးဖလားကို စိန်ခေါ် နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပေမယ့် စပါး နဲ့ အဲဗာတန် တို့ကတော့ အခွင့်အရေး မရှိဘူးလို့ ပြောခဲ့ပါတယ်။
ကိန်းက “လက်စတာ ကိုလည်း စောင့်ကြည့် သွားရမှာပါ။ လက်စတာဟာ သူတို့ရဲ့ လက်ရှိ စွမ်းဆောင်ထားမှု အပေါ် ဝမ်းမြောက် နေမှာပါ။ သူတို့ရဲ့ စွမ်းဆောင်ရည် အတော့်ကို ကောင်းပါတယ်။ ကျွန်တော် title race မှာ အဲဗာတန်ကို ထည့်မတွက် ပါဘူး။ အမှတ်ပေးဖလားကို ရနိုင်ခြေနဲ့ ပက်သက်ပြီး အဲဗာတန်ကို မေ့ထားလိုက်ပါ။ သူတို့ လက်ရှိ စွမ်းဆောင်ရည်ကို အချိန် အကြာကြီး ထိန်းထား နိုင်မယ်လို့ ကျွန်တော် မထင်ပါဘူး။ စပါးနဲ့ ပက်သက်ပြီး ကျွန်တော့်မှာ သံသယတွေ အများကြီး ရှိနေဆဲပါ။ လီဗာပူး ၊ မန်ယူနိုက်တက် ၊ မန်စီးတီး ၊ လက်စတာ တို့ကလွဲပြီး အခြား မမြင်မိပါဘူး။” လို့ ခန့်မှန်းလိုက်ပါတယ်။