spot_img

ဟမ်ဘာဂါ ခံစစ် နဲ့ အဝေးကွင်းမှာ ၁ မှတ်ယူပြီး အဆင့် ၁ နေရာကို ဆက်ထိန်းခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်

အန်ဖီးလ် မှာ ကစားခဲ့တဲ့ အင်္ဂလန် ဒါဘီ ဟာ ဒုတိယပိုင်း နောက်ဆုံး မိနစ် ၂၀ မှာ ပိုပြီး မြိုင်မြိုင် ဆိုင်ဆိုင် ရှိခဲ့ ပါတယ် ။ လီဗာပူး ဟာ လက်ရှိ ချန်ပီယံ ပီပီ ယူနိုက်တက် ကို ဖိကစား ခဲ့ပေမယ့် တစ်ယောက်ပြီး တစ်ယောက် ၊ တစ်ဆင့်ပြီး တစ်ဆင့် ၊ တစ်ထပ်ပြီး တစ်ထပ် ပိတ်ဆို့ ထားမှုကို မကျော်ဖြတ် နိုင်ခဲ့ ပါဘူး ။ လီဗာပူး ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ ကတော့ ကမ္ဘာ့ အဆင့် ကွင်းလယ်လူ ဖြစ်ကြောင်း ပြခဲ့သလို မန်ချက်စတာ ယူနိုက်တက် ဘက်ကလည်း ပေါ့ဘာ ဟာ ပွဲကြီး တိုးသူ တစ်ဦး ဖြစ်ကြောင်း ပြန်လည် ပြသနိုင်ခဲ့ ပါတယ် ။

အိမ်ရှင် လီဗာပူး ဟာ ကစားနေကျ ၄-၃-၃ နဲ့ပဲ ပွဲထွက်လာပါတယ် ။ ထူးဆန်းတာ ကတော့ ခံစစ်မှူး တစ်ယောက် မှာ မပါလာခဲ့ တာပါပဲ ။ ဗန်ဒိုက် အပါအဝင် ရှိသမျှ စီနီယာ ခံစစ်မှူးတွေ ဒဏ်ရာ ရနေကြတာကြောင့် ယာဂင် ကလော့ ဟာ ကွင်းလယ်လူတွေ ဖြစ်တဲ့ ဟန်ဒါဆင် နဲ့ ဖာဘင်ဟို တို့ကို ခံစစ်မှူး နေရာတွေမှာ ထားခဲ့ရ ပါတယ် ။ လူငယ် ခံစစ်မှူးတွေ ပါပေမယ့် ဒီလိုပွဲမျိုးမှာ ကလော့မစွန့်စားခဲ့ ပါဘူး ။

myan789

ကွင်းလယ် မှာတော့ ဝိုင်နယ်ဒမ် ၊ သီယာဂို အယ်ကန်ထရာ နဲ့ ရှာကွီရီ တို့ကို ထည့်ကစား ခဲ့ ပါတယ် ။ ဟန်ဒါဆင် ရော ဖာဘင်ဟို ပါ ခံစစ်ရောက်သွား တာက ရှာကွီရီ ကို ထည့်ဖို့ ဖြစ်လာ စေခဲ့ တာပါ ။ ရှေ့တန်း မှာတော့ သုံးနေကျ ဆာ + ဖာ + မာ အတွဲကိုပဲ ပွဲထုတ် ခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကတော့ ၄-၂-၃-၁ နဲ့ ပွဲထွက် လာခဲ့ ပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ ၄-၄-၂ ပုံစံ ဖြစ်သွားခဲ့ ပါတယ် ။ ရှေ့တန်း မှာ မာရှယ် နဲ့ ရက်ဖိုဒ့် တို့ ပါခဲ့ပြီး ကွင်းလယ် မှာတော့ ဖရက်ဒ် ၊ တော်မိနေး ၊ ပေါ့ဘာ နဲ့ ဖာနန်ဒက်စ် တို့ ကစားခဲ့ ကြပါတယ် ။ ခံစစ်မှာ ပုံစံကောင်း ပြနေတဲ့ ဘိုင်လီ အစား လင်ဒီလော့ဖ် ပါလာတာက လွဲရင် ကျန်လူတွေ အရင် အတိုင်း အပြောင်းအလဲ မရှိခဲ့ ပါဘူး ။

ပွဲစတာနဲ့ အိမ်ရှင် လီဗာပူး က ယူနိုက်တက် ဘက်ကို တိုက်စစ်ဆင် ကစားခဲ့ ပါတယ် ။ ယူနိုက်တက် မှာတော့ ဘရူနို ဖာနန်ဒက်စ် က အလယ်ကြော တစ်လျောက် နေရာယူကာ ပေါ့ဘာ က ညာခြမ်းကို ထွက်ပြီး ရက်ဖိုဒ့် နဲ့ တွဲကစားဖို့ ကြိုးစား သွားခဲ့ ပါတယ် ။

ပထမပိုင်း ၁၅ မိနစ် အထိ ကတော့ လီဗာပူးက တိုက်စစ် ၊ မန်ချက်စတာ ယူနိုက်တက် က ခံစစ် အနေအထား မှာ ရှိနေခဲ့ ပါတယ် ။ ၁၇ မိနစ် မှာတော့ ယူနိုက်တက် ဧရိယာထိပ်မှာ မာနေး ပြန်ချပေးတဲ့ ဘောလုံးကို ဖာမီနို က လွတ်နေတဲ့ ရောဘတ်ဆင် ကို မပေးဘဲ ကန်ပစ်လိုက်တာကြောင့် လီဗာပူး တို့ အခွင့်ကောင်း တစ်ကြိမ် လက်လွှတ်ခဲ့ရ ပါတယ် ။

မိနစ် ၃၀ ကြာသွားတဲ့ အထိလည်း ပွဲရလဒ် က မပြောင်းလဲဘဲ ရှိနေခဲ့ ပါတယ် ။ လီဗာပူး ရဲ့ ကစားပုံဟာ အကွက်စေ့ပြီး ယူနိုက်တက် တို့ တန်ပြန် တိုက်စစ် မဆင်နိုင်အောင် ထိန်းချုပ် ထားနိုင် ခဲ့ပါတယ် ။ ဒါပေမယ့် ဂိုးရ လောက်တဲ့ အခွင့်အရေး ကိုတော့ မဖန်တီးယူ နိုင်ခဲ့ ပါဘူး ။

ပထမပိုင်း ၃၄ မိနစ်မှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးရဖို့နဲ့ နီးစပ်ခဲ့ ပါတယ် ။ လီဗာပူး ဧရိယာ ထိပ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကို ဘရူနို ဖာနန်ဒက်စ် ကန်သွင်းခဲ့ ပေမယ့် ဂိုးတိုင်ထောင့်နား ကနေ ကပ်ပြီး လွဲချော်သွားခဲ့ ပါတယ် ။ ချက်ချင်း ဆိုသလိုပဲ လီဗာပူးတို့ ပြန်တိုက်စစ်ဆင် ခဲ့ပြီး ကန်သွင်းခဲ့ပေမယ့် ဒီဂီယာ ဖမ်းမိသွားခဲ့ ပါတယ် ။

လီဗာပူး ဟာ မိနစ် ၃၀ ကျော်ကစပြီး မာနေး နဲ့ ဆာလာ တို့ တောင်ပံချင်း လဲကာ ထိုးဖောက် ကစားသွားခဲ့ ကြပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ရဲ့ ထူထပ်တဲ့ လူတံတိုင်းကို မကျော်နိုင်ခဲ့ပါဘူး ။ ယူနိုက်တက် ကတော့ လီဗာပူး ရဲ့ ကျစ်လျစ်တဲ့ ကစားပုံကြောင့် ကွင်းလယ်ကနေ ဘောလုံး လမ်းကြောင်းတွေ မရှာ နိုင်ခဲ့ဘဲ နောက်တန်း ကနေ တိုက်ရိုက် ကန်တင် ကစားခဲ့ရ ပါတယ် ။ ခံစစ်သမားတွေရဲ့ တိကျမှု အားနည်း တာတွေကြောင့် အဝေးဘော ဗျုဟာ မထိရောက်ခဲ့ ပါဘူး ။

ယူနိုက်တက် ဟာ through ball တွေ အသုံးချမှုမှာ အားနည်း ခဲ့ပြီး ပထမပိုင်း မှာတင် လူ ၇ ကြိမ် ကျွံခဲ့တာကို လည်း တွေ့ရှိ ခဲ့ရ ပါတယ် ။ ပထမပိုင်း အပြီးမှာတော့ ဂိုးမရှိသရေ ကျနေခဲ့ပါတယ် ။ ပထမပိုင်းမှာ ယူနိုက်တက် ဘက်က ဖာနန်ဒက်စ် နဲ့ ရက်ဖိုဒ့် ၊ လီဗာပူး ဘက်က ဆာလာတို့ ခြေမပေါ်ဘဲ ဖြစ်ခဲ့ကြပါတယ် ။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် တို့ နေရာအပြောင်းအလဲ လုပ်ပြီး ကစား လာခဲ့ ပါတယ် ။ ပေါ့ဘာ က ညာတောင်ပံ အထိ ထွက် ကစားပြီး ရက်ဖိုဒ့် က အလယ် မှာနေကာ မာရှယ် က ဘယ်တောင်ပံ လူအဖြစ် ဆက် ကစားခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ကတော့ နောက်ကို ပိုဆင်းသွားပြီး ပေါ့ဘာ ဆီကနေ အဓိက ဘောလုံး ဖြန့်ဖို့ ကြိုးစား ခဲ့ကြပါတယ် ။

ဆိုးရှား လက်ထက် မှာ မန်ချက်စတာ ယူနိုက်တက် ဟာ ကန်တင်ပြေး ကစားပုံ ကို ကောင်းကောင်း မကစားတတ် ခဲ့ ပါဘူး ။ နောက်ကနေ ကန်တင်လိုက်သမျှ လီဗာပူး ခြေထဲသာ ရောက်ခဲ့ပြီး အကျိုးမဲ့ ဖြစ်ခဲ့ရ ပါတယ် ။ ၅၉ မိနစ်မှာ ဖာမီနို အနီးကပ် ပိတ်ခဲ့ပေမယ့် ဂိုးမဝင်ခဲ့ ပြန်ပါဘူး ။

ပွဲချိန် မိနစ် ၆၀ မှာတော့ မထင်မှတ်တဲ့ လူစားလဲမှုကို ဆိုးရှား ပြုလုပ် သွားခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ မာရှယ် ကို ကာဗာနီ နဲ့ လူစားလဲထည့် ခဲ့တာပါ ။ ခြေမပေါ်၊ အကျိုးမပြု နိုင်တဲ့ ရက်ဖိုဒ့် ၊ ဖာနန်ဒက်စ် တို့ ရှိနေချိန် မှာ ခံစစ် ကို ဆင်းကူနေတဲ့ မာရှယ် ကို ထုတ်ခဲ့တာ ကတော့ အံ့အားသင့်စရာ ပါပဲ ။

ကာဗာနီ ဝင်လာအပြီး မှာတော့ ရက်ဖိုဒ့် ဟာ သူ အားသန်တဲ့ ဘယ်ခြမ်းကို ပြန်ကစားခွင့် ရခဲ့သလို ဖာနန်ဒက်စ် ကလည်း ဘယ်ခြမ်းကို ပြောင်းပြီး ရက်ဖိုဒ့် နဲ့ တွဲကစားသွား ခဲ့ ပါတယ် ။ ယူနိုက်တက်တို့ ကစားခွင် ပိုကျယ်လာ ပေမယ့် အခြေအနေကတော့ ထူးခြားမလာခဲ့ ပါဘူး ။

ပွဲချိန် 75 မိနစ်မှာတော့ ဒီကနေ့ ပွဲရဲ့ ပထမဆုံး ဂိုးပေါက်ကာကွယ်မှု ဖြစ်လာခဲ့ ပါတယ် ။ ယူနိုက်တက် ရဲ့ ဘယ်ခြမ်းက တိုက်စစ်ဆင်မှု ကောင်းခဲ့ပြီး ရက်ဖိုဒ့် – လုခ်ရှော အတွဲက ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ဖာနန်ဒက်စ် ပိတ်သွင်းခဲ့ပေမယ့် လီဗာပူး ဂိုးသမား အဲလစ်ဆွန် ဘက်ကာ ခြေထောက်နဲ့ တားဆီး လိုက်နိုင်ခဲ့ ပါတယ် ။ 77 မိနစ်မှာတော့ ဒီဂီယာ လည်း သီယာဂို အယ်ကန်ထရာ ရဲ့ ကန်ချက်ကို ပုတ်ထုတ်ကာကွယ် ခဲ့ရ ပါတယ် ။

ပွဲချိန် ၈၂ မိနစ်မှာတော့ လီဗာပူး ဧရိယာထဲမှာ ပေါ့ဘာ အနီးကပ် ကန်ခွင့် ရခဲ့ပေမယ့် အဲလစ်ဆွန် ဘက်ကာ တည့်တည့်ကို ကန်မိခဲ့တာကြောင့် ဂိုးရဖို့ ကနေ ဝေးခဲ့ရ ပါတယ် ။ အဆိုပါ မတိုင်ခင် တုန်းကလည်းတန်ပြန် တိုက်စစ် အခွင့်အရေးကောင်း ကို ရက်ဖိုဒ့် အသုံးမချနိုင်ခဲ့ ပါဘူး ။

ယူနိုက်တက် ဟာ မာရှယ် ကို ထုတ် ၊ ရက်ဖိုဒ့် ကို ညာတောင်ပံ ပြန်ပု့ိ အပြီးမှာ လီဗာပူး နဲ့ အပြန်လှန် အခွင့် အရေးတွေ ရလာခဲ့ ပါတယ် ။ လီဗာပူး ဘက်ကလည်း ပိုမို ကောင်းတဲ့ အခွင့်အရေးတွေ ရှိလာခဲ့ ပေမယ့် ယူနိုက်တက် ခံစစ်က ကောင်းမွန်တဲ့ တားဆီးမှုတွေ ပြုလုပ်နိုင်ခဲ့ ပါတယ် ။

ပွဲပြီးခါနီး မှာတော့ တစ်ပွဲလုံး ခြေမပေါ်တဲ့ ဘရူနို ဖာနန်ဒက်စ် ကို မေဆင် ဂရင်းဝုဒ် နဲ့ လူစားလဲ ကစားသွားခဲ့ ပါတယ် ။ ဖာနန်ဒက်စ် ကတော့ အသင်းကြီးတွေနဲ့ဆို ခြေစွမ်းမပြ နိုင်သေးတဲ့ အစဉ်အလာဆိုးကို ဆက်လက် ထိန်းသိမ်းသွားခဲ့ တာပါ ။

နာကျင်အချိန်ပို ၃ မိနစ်ပေး ခဲ့ပြီး ၂ သင်းစလုံး ဂိုးထပ်မသွင်း နိုင်ခဲ့ ကြတာကြောင့် သရေရလဒ် နဲ့ အဆုံးသတ် သွားခဲ့ ပါတယ် ။ ဒီရလဒ်ကြောင့် ယူနိုက်တက် တို့ အဆင့် ၁ နေရာမှာ ဆက်မြဲ ခဲ့ပြီး ရာသီဝက် ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကောင်းသွားခဲ့ ရ ပါတယ် ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular