အာဆင်နယ် အသင်း ကွင်းလယ်လူ မီဆွတ် အိုဇေးလ် ဟာ မနေ့က သူ့ရဲ့ တွစ်တာ အကောင့်မှာ AskMesut ဆိုတဲ့ အမေးအဖြေ ကဏ္ဍ တစ်ခုကို ပြုလုပ် ပေးခဲ့ပြီး ပရိသတ်တွေ သိချင် နေကြတဲ့ မေးခွန်း တစ်ချို့ကို ဖြေကြား သွားခဲ့ပါတယ် ။
မေး – ငယ်ငယ်လေးကတည်းက တူရကီ ရဲ့အင်အားကြီး အသင်း တစ်သင်းဖြစ်တဲ့ ဖီနာဘာချီကို ဘာကြောင့် အားပေးဖြစ်ခဲ့တာလဲ ?
ဖြေ – ကျွန်တော် က ဖီနာဘာချီ ပရိသတ် တစ်ဦးအနေနဲ့ ဂျာမနီ မှာ ကြီးပြင်းလာတဲ့ ကလေး တစ်ယောက်ပါ ။ ဂျာမနီက ဂျာမန်-တူရကီ အစပ် လူတွေက တူရကီ အသင်းတွေကို အားပေးကြပါတယ် ၊ ကျွန်တော် ကတော့ ဖီနာဘာချီ ပေါ့ဗျာ ။ ဖီနာဘာချီ က တူရကီ ရဲ့ ရီးရဲလ်မက်ဒရစ် ပါပဲ ၊ နိုင်ငံရဲ့ အကြီးမားဆုံး အသင်းပါပဲ ။
မေး – အာဆင်နယ် နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးရင် ကစားသမားဘဝ ကို ဆက်လက် လျှောက်လှမ်း ဦးမှာလား ?
ဖြေ – ဒါပေါ့ဗျာ ၊ ကျွန်တော် အနားမယူခင် ကစားချင်တဲ့ နိုင်ငံ နှစ်နိုင်ငံ ရှိပါတယ် ၊ တူရကီ နဲ့ ယူအက်စ်အေ ပေါ့ဗျာ ။ ကျွန်တော်သာ တူရကီ ကို သွားမယ်ဆို ဖီနာဘာချီ အသင်းကိုပဲ သွားမှာပါ ။
မေး – လက်ကျန်ရာသီမှာ ရှော်ကေး အသင်းအတွက် ကစားပေးနိုင်မလား ၊ ခင်ဗျား ရှော်ကေး ကို ကူညီတာ ကို သိပ်တွေ့ချင်တာဗျာ ။
ဖြေ – ကိုလာ တစ်ယောက် အစွမ်းတွေ ပြနေတာကို သွားပြီး လုမယူချင်ပါဘူးဗျာ ၊ အရိုးသားဆုံး ပြောရရင် ရှော်ကေး အသင်း အပေါ် အမြဲတမ်း စာနာစိတ် ရှိပါတယ် ။ သူတို့ အသင်း အကောင်းဆုံး ဖြစ်ပါစေလို့ ရင်ထဲ နှလုံးသားထဲကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်း ပေးနေပါတယ် ၊ ဒါပေမယ့် အဲ့ဒီကို သွားဖို့ အတွက် ကျွန်တော့်မှာ ရွေးချယ် ထားတာ မရှိပါဘူး ။
မေး – ခင်ဗျား အာဆင်နယ် မှာ ကစားတဲ့ ကာလ အတွင်း အသင်းရဲ့ ထိပ်တန်း ကစားသမား ၁၁ ဦး ?
ဖြေ – အောစ့်ပင်နာ ၊ ဆက်ဂ်နာ ၊ ကော့စီရယ်နီ ၊ မာတီဆက်ကာ ၊ ကိုလာစီနက် ၊ ကာဇိုလာ ၊ ရမ်ဆေး ၊ နာဘရီ ၊ အိုဇေးလ် ၊ ဆန်းချက်ဇ် ၊ အူဘာမီယန်း ။
မေး – ခင်ဗျား အာဆင်နယ် အသင်း နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ တဖြည်းဖြည်း နီးကပ်လာပြီနော် ၊ အဲ့ဒီ အချိန်မှာ စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းတဲ့ အသင်းက တစ်သင်းတည်း ရှိတယ် ၊ အဲ့ဒီ အသင်းက တော့တင်ဟမ် ဖြစ်နေရင် ခင်ဗျား ဘာလုပ်မလဲ ။
ဖြေ – လွယ်လိုက်တဲ့ မေးခွန်းဗျာ ၊ ကစားသမား ဘဝကပဲ အနား ယူလိုက်ပါမယ် ။
မေး – အာဆင်နယ် အတွက် ကစားရတာ ပျော်ရွှင် နှစ်သက်သလား ?
ဖြေ – ဒါပေါ့ဗျာ ၊ အနိမ့် အမြင့် အတက် အကျတွေတော့ ရှိခဲ့တာပေါ့ဗျာ ၊ ဒါပေမယ့် ကျွန်တော် အာဆင်နယ် ကို ပြောင်းခဲ့တဲ့ အတွက် ဘယ်တော့မှ နောင်တ မရမိပါဘူး ။ ၂၀၂၀ ခုနှစ် ၊ ဖေဖော်ဝါရီ နဲ့ မတ်လ မတိုင်ခင် ကိုဗစ် ကြီး အကြီးအကျယ် မဖြစ်ခင်က ကစားခဲ့ရတဲ့ နှစ်ပွဲဆို အတော်လေး ပျော်စရာ ကောင်းခဲ့ပါတယ် ။
ကျွန်တော် အဲ့ဒီ အချိန်ကို အတော်လေး နှစ်သက် ခဲ့တာပါ ၊ ကျွန်တော်တို့ အသင်းက အပေါင်း လက္ခဏဆောင်တဲ့ လမ်းကြောင်းပေါ် ရောက်နေခဲ့တာပါ ။ ဒါပေမယ့် out break ဖြစ်ပြီး နောက်ပိုင်းမှာ အရာအားလုံးက ရုတ်ချည်း ပြောင်းလဲ သွားခဲ့ပါတယ် ။
မေး – အာဆင်ဝင်းဂါး ကို သတိရသလား ။
ဖြေ – ကျွန်တော့် ကစားသမား ဘဝမှာ အာဆင်း က ထူးခြားတဲ့ နည်းပြ တစ်ဦးပါ ၊ ကျွန်တော် သူ့အပေါ် လေးစားမှု အပြည့် ရှိပါတယ် ။ သူက ဆုဖလား အောင်မြင်မှုတွေ အမြောက်အများ ရထားတဲ့ ထိပ်တန်း နည်းပြကြီးပါ ၊ သူက တကယ်တော်တဲ့ ပွင့်လင်းတဲ့ နည်းပြကြီးပါ ၊ ကျွန်တော်ရဲ့ အာဆင်နယ် ကစားသမားဘဝ အောင်မြင်မှုတွေက သူနဲ့ ရခဲ့တာ ဖြစ်ပါတယ် ၊ သူနဲ့ အတူ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို အမြဲတမ်း အမှတ်ရနေပါတယ် ။
မေး – စမစ်ရို အပေါ် အမြင် ?
ဖြေ – သူက နံပါတ် ၁၀ နေရာမှာ ကစားပြီး အသင်းကို ခြားနားမှုတွေ ယူဆောင် လာပေးသူပါ ။ သူ့ အတွက် ပျော်ရွှင် မိပါတယ် ၊ သူက ဒီနေ့ ဘောလုံးလောကမှာ နံပါတ် ၁၀ နေရာက ကစားလို့ ရနိုင်သေးတယ်ဆိုတာ သက်သေပြ ခဲ့သူပါ ။