အာဆင်နယ် အသင်းရဲ့ Invincibles အဖွဲ့ဝင် တစ်ဦး ဖြစ်တဲ့ ရေးပါလာ က နည်းပြကြီး အာဆင်ဝင်းဂါးကို ရုပ်တုထုပြီး ဂုဏ်ပြု သင့်ကြောင်း ပြောကြား လိုက်ပြီး ဆာကာ သာ နောက်ထပ် ၁၀ နှစ်လောက် အာဆင်နယ် မှာ ဆက်နေပြီး ခြေစွမ်းကောင်းတွေ ထိန်းသိမ်းထားနိုင်ရင် ရုပ်တု ထုပြီး ဂုဏ်ပြု ရတဲ့ ကစားသမား ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ် ။
လက်ရှိ အချိန်မှာ အာဆင်နယ် အသင်းရဲ့အမ်းမရိတ် ကွင်းပြင်ပတွင် နည်းပြဟောင်း ၊ ကစားသမားဟောင်းတွေရဲ့ ပုံတူ ရုပ်ထု ငါးခုအထိ ရှိနေပါတယ် ။ ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလမှာ အာဆင်နယ် အသင်းဟာ ဂန္တဝင် နည်းပြ ဟားဘတ်ချက်မန်း ၊ နောက်ခံလူ တိုနီအဒမ် ၊ တိုက်စစ်မှူး အွန်နရီ တို့ရဲ့ ပုံတူ ရုပ်ထုတွေကို စတင် ထားရှိခဲ့ပါတယ် ။
အဲ့ဒီနောက် ၂၀၁၄ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာတော့ အာဆင်နယ် အသင်းဟာ ဒန်းနစ် ဘားကမ့် ရဲ့ ရုပ်ထု ကို ထားရှိခဲ့ပြီး နောက်ထပ် ခြောက်ရက် အကြာမှာတော့ အသင်းရဲ့ စီမံခန့်ခွဲမှု ဒါရိုက်တာ ကင်ဖရိုင်ရာ ငယ်ငယ်တုန်းက ဘောလုံး ကစားနေတဲ့ ရုပ်ထုကို ထပ်မံ ထားရှိ ခဲ့ပါတယ် ။
ရေးပါလာ က talkSPORT မှာ အိုဇေးလ် အကြောင်း ပြောကြားရင်း အာဆင်နယ် အသင်း နောက်ထပ် ရုပ်တု ထုပြီး ဂုဏ်ပြုသင့်တဲ့သူဟာ နည်းပြကြီး အာဆင်ဝင်းဂါးသာ ဖြစ်ကြောင်း ဆိုပါတယ် ။ ” သူ(အိုဇေးလ်) က သိပ်ကို အရည်အသွေးမြင့်တဲ့ ကစားသမားပါ ၊ ဒါပေမယ့် ခြေစွမ်းပိုင်း တည်ငြိမ်မှုတော့ မရှိပါဘူး ၊ ပွဲကြီးပွဲကောင်းတွေမှာဆို အိုဇေးလ် အနေနဲ့ ခေါင်းဆောင် တစ်ယောက်လို တောက်ပ နိုင်ခဲ့ခြင်း မရှိပါဘူး ၊ အဲ့လိုပွဲတွေမှာဆို သူက ပျောက်နေတတ်ပါတယ် ။ “
” ဒါပေမယ့် ရုပ်တု ထုပြီး ဂုဏ်ပြုဖို့ ထိုက်တန်သလား ? အာဆင်နယ် အသင်းက ရုပ်တု ထုပြီး ဂုဏ်ပြုထားတဲ့ ကစားသမား ၃ ဦး ရှိပါတယ် ၊ အွန်နရီ ဘားကမ့် နှင့် တိုနီအဒမ် ပေ့ါဗျာ ၊ နောက်ထပ် ရုပ်တု က အာဆင်ဝင်းဂါး ပဲ ဖြစ်သင့်ပါတယ် ။ အခု အချိန်မှာ ရုပ်တုထုပြီး ဂုဏ်ပြုသင့်တာ တစ်ဦးမှ မတွေ့မိပါဘူး ။ “
” ဖာဘရီဂက်စ် ဆို အာဆင်နယ် မှာတုန်းက အိုဇေးလ် ထက် ပိုကောင်းခဲ့ပါတယ် ။ ရမ်ဆေးဆိုလည်း အာဆင်နယ်မှာ ဆက်နေချင်ပေမယ့် စာချုပ်သစ် အတွက် သဘောတူညီမှု မရခဲ့ပါဘူး ၊ ဂျက်ဝီလ်ရှီးယား ကော ကာဇိုလာကော အာဆင်နယ် မှာ သိပ်ကောင်းခဲ့ပါတယ် ။ “
ဆက်လက်ပြီး ရေးပါလာက ” အိုဇေးလ် ရဲ့ ကစားသမားဘဝ အောင်မြင်မှုတွေကို ကြည့်ကြည့်ပါ ၊ ပရိသတ်တွေ သူ့ကို ဂန္တဝင် ကစားသမား လို့ ဘာကြောင့် ခေါ်သလဲ ဆိုတာ ကျွန်တော် နားလည်ပါတယ် ။ သူ ကမ္ဘာ့ဖလားရခဲ့တယ် ၊ ပွဲတွေမှာလည်း အရမ်းကို ထူးချွန် ပြောင်မြောက် ခဲ့ပါတယ် ၊ ဒါပေမယ့် သူက ခြေစွမ်းပိုင်း တည်ငြိမ်မှု မရှိခဲ့ပါဘူး ၊ ဒါက သူ့ ပြဿနာပါပဲ ။ “
” တစ်ချို့ပွဲတွေမှာဆို အိုဇေးလ် ပါလို့ ပါမှန်းတောင် မသိရတဲ့ ပွဲတွေ ရှိခဲ့ပါတယ် ၊ အိုဇေးလ် ကို ပွဲအဖြေပြောင်းလဲအောင် လုပ်နိုင်တဲ့ ကစားသမား စာရင်းထဲမှာတော့ ထည့်ပါမယ် ၊ ဒါပေမယ့် အွန်နရီ ဘားကမ့်တို့လောက်တော့ ပွဲအဖြေ ပြောင်းလဲအောင် မလုပ်ပေးနိုင်ခဲ့ပါဘူး ။ သူ များများစားစား မလုပ်နိုင်ခဲ့ပါဘူး ။ “
” ဒါကြောင့် ကျွန်တော့် အတွက်ကတော့ ရုပ်တု ထုပြီး နောက်ဆုံး ဂုဏ်ပြု သင့်သူက အာဆင်ဝင်းဂါး ပဲ ဖြစ်ပါလိမ့်မယ် ၊ အကယ်၍ ဆာကာ တစ်ယောက် အာဆင်နယ် မှာ ၁၀ နှစ်လောက် စွမ်းဆောင်ရည်ကောင်းတွေ ထိန်းထားနိုင်ရင်တော့ တစ်မျိုးပေါ့ဗျာ ။ “
” ဆာကာက အာဆင်နယ် မှာ ကစားသမား ဘဝ စတင်ခဲ့သူ ဖြစ်ပါတယ် ၊ ပြီးခဲ့တဲ့ ရာသီကလည်း အာဆင်နယ် အတွက် အရေးပါခဲ့ပါတယ် ။ သူသာ အာဆင်နယ် မှာ အံ့ဖွယ် ကစားသမား ဘဝကို ပိုင်ဆိုင်နိုင်ခဲ့ရင် သူက နောက်ထပ် ရုပ်တုထု ဂုဏ်ပြုသင့်တဲ့ ကစားသမားပါပဲ ။ ” လို့ ပြောကြား လိုက်ပါတယ် ။
ဆာကာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက အာဆင်နယ် ပရိသတ်တွေ မဲပေးရွေးချယ်တဲ့ ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံး ကစားသမားဆု နဲ့ ဒီဇင်ဘာလ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆုတွေကို ဆွတ်ခူး ရရှိ ခဲ့ပါတယ် ။