မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အားထား ရတဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဘရူနို ဖာနန်ဒက်စ်က ပြီးဆုံးခဲ့တဲ့ အချိန် 12 လတာ ကာလ အတွင်း ဆီမီး ဖိုင်နယ် အဆင့် လေးခုထိ တက်ရောက် နိုင်ခဲ့ပြီး ရှုံးပွဲတွေချည်း ကြုံတွေ့ခဲ့ရတာက တစ်ဆင့် လေ့လာ သင်ယူမှုတွေကို လုပ်ဆောင်ဖို့ အသင်းဖော် တွေကို သတိပေး သွားခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကာရာဘောင်း ဖလား ပြိုင်ပွဲရဲ့ ဆီမီး ဖိုင်နယ် အဆင့် အဆုံးအဖြတ် ပွဲစဉ် အဖြစ် မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ ဧည့်ခံ ကစားခဲ့ပြီး 0 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့တဲ့ အတွက် ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရ ပါတယ် ။
ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းကလည်း FA ဖလား ၊ ကာရာဘောင်း ဖလား နဲ့ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲ တွေမှာ ဆီမီး ဖိုင်နယ် အဆင့် အထိ တက်ရောက် နိုင်ခဲ့ပေမယ့် ချဲလ်ဆီး ၊ မန်စီးတီး ၊ ဆီးဗီးလား အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့ အတွက် ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါ သေးတယ် ။
ယူနိုက်တက် တို့ဟာ 2017 ခုနှစ်တုန်းက ဟိုဆေး နည်းပြ မော်ရင်ဟို လက်အောက်မှာ ကာရာဘောင်း ဖလား ၊ ယူရို ပါလိဂ် ဖလား ပြိုင်ပွဲ တွေမှာ ဗိုလ်စွဲ ခဲ့တဲ့နောက် ဖလား လက်မဲ့ ဖြစ်ခဲ့ ရတဲ့ ဘောလုံး ရာသီ တွေကိုချည်း ဆက်တိုက် ဆိုသလို ဖြတ်သန်း ခဲ့ရ ပါတယ် ။
ဒါ့အပြင် ဆိုးလ်ရှား ကလည်း အသင်းကို ကိုင်တွယ်တာ နှစ်နှစ် ပြည့်မြောက်ခဲ့တဲ့ အတိုင်းအတာ တစ်ရပ်မှာ ဆုဖလား တစ်လုံးမှ မရယူ နိုင်ခဲ့ သေးတဲ့ အတွက် ဝေဖန်မှုတွေအောက် ကျရောက် နေခဲ့ပြီး အနည်းဆုံး ဆုဖလား တစ်လုံး အရယူရမယ် ဆိုတဲ့ ဖိအား တွေကိုလည်း ခံစား နေခဲ့ရ ပါတယ် ။
အခုတော့ ဘရူနို ဖာနန်ဒက်စ် က လူမှု ကွန်ယက် တစ်ခု ဖြစ်တဲ့ တွစ်တာ ကနေ တစ်ဆင့် ဝမ်းနည်း စိတ်ပျက် မိကြောင်း ဖော်ပြ သွားခဲ့ လိုက်ပြီး ဆုဖလား တွေကို စိန်ခေါ် နိုင်ဖို့ အတွက် အသင်းသားတွေ အနေနဲ့ အခုထက် ပိုကောင်းတဲ့ အိုင်ဒီယာတွေ ရှိဖို့ လိုနေပြီ ဖြစ်ကြောင်း သတိပေး သွားခဲ့လိုက် ပါတယ် ။
” နောက်တစ်ကြိမ် ဖိုင်နယ် အဆင့်ကို မတက်ရောက် နိုင်ခဲ့တဲ့ အတွက် ကျွန်တော် အရမ်းကို ဝမ်းနည်း စိတ်ပျက်မိခဲ့ ပါတယ် ။ ကျွန်တော်တို့ ရှေ့ဆက် တိုက်ပွဲဝင်ရမယ့် ပြိုင်ပွဲတွေ အများကြီး ရှိနေပါသေးတယ် ။ ဒါပေမယ့် ကျွန်တော်တို့ တူညီတဲ့ အမှား တွေကို ဆက်လက် မလုပ်ဖြစ်အောင် လေ့လာ သင်ယူဖို့ ၊ နားလည်ဖို့ လိုအပ် နေပါ သေးတယ် ”
” ကျွန်တော်တို့ အခုထက် ပိုပြီး တိုးတက် ကောင်းမွန် ကြဖို့ အတွက် အားစိုက်ထုတ်မှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုအပ် နေပါ သေးတယ် ။ အဲ့တာမှ ကျွန်တော်တို့ ဆုဖလား တွေကို ဆွတ်ခူးဖို့ တိုက်ပွဲဝင်နိုင် ကြမှာပါ ” လို့ ဘရူနို ဖာနန်ဒက်စ် က သတိပေး သွားခဲ့လိုက် ပါတယ် ။
လက်တလော မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ကောင်းသထက် ကောင်းအောင် ဦးဆောင် ကူညီ ပေးနေခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ဟာ အသင်းရဲ့ ဂန္တဝင် အဲရစ် ကန်တိုနာ နဲ့ ခိုင်းနှိုင်း ချီးကျူး ခံခဲ့ရတာမျိုး ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ယူနိုက်တက် ဂန္တဝင် ပေါလ် အင့်စ် နဲ့ ရွိုင်ကိန်း တို့ ကတော့ သူ့ကို ပွဲရဲ့ အဖြေကို ပြောင်းလဲ ပေးနိုင်စွမ်း ရှိတဲ့ အဲရစ် ကန်တိုနာ နဲ့ နှိုင်းယှဉ်ဖို့ အတွက် အချိန်စောသေးတယ်လို့ ဝေဖန် သုံးသပ် ခဲ့ကြပါတယ် ။