စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးမှ အေစီမီလန်အသင်းကို အဝေးကွင်း၌ (၃-၁) ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် ဂျူဗင်တပ်စ် အသင်းနည်းပြ ပီယာလိုက ပွဲကို လွှမ်းမိုးကစားလိုသည့် အသင်းစိတ်ဓာတ်ပိုင်းကို ပြသနိုင်ခြင်းက အဓိကကျခဲ့ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
“ဒီအချက်က ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ ကျွန်တော်တို့အထက်က အသင်းတွေရဲ့ရလဒ်ကို စိတ်မဝင်စားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်တိုးတက်မှုအပေါ် အာရုံထားလို့ပါ။ ကျွန်တော်တို့ ဘယ်နေရာမှာရှိမလဲဆိုတာ လအနည်းငယ်အတွင်း မြင်တွေ့ရပါလိမ့်မယ်။ အရေးအကြီးဆုံးအရာ ကတော့ ပွဲကို ထိန်းချုပ်ကစားလိုတဲ့ အသင်း တစ်သင်းရဲ့ စိတ်ဓာတ်ပိုင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံး အသင်းနဲ့ အဝေးကွင်းကစားရတဲ့ အချိန်မျိုး မှာပေါ့”ဟု ပီယာလိုက Sky Sport Italia သို့ ပြောကြားခဲ့သည်။
ယင်းပွဲတွင် ဂျူဗင်တပ်စ်အသင်းအတွက် ဂိုးများကို ခီယေဆာ (၂ ဂိုး)၊ မက်ကန်နီးတို့က သွင်းယူခဲ့ပြီး အေစီမီလန်အတွက် နောက်ခံလူ ကာလာဘရီယာက ချေပဂိုးတစ်ဂိုး ပြန် သွင်းပေးခဲ့သည်။
အေစီမီလန်အသင်းတွင် အီဘရာဟီမိုဗစ်၊ ရယ်ဘစ်၊ ဆာလေမာကာစ်၊ ဘန်နာဆာ၊ တိုနာလီ၊ ကရူနစ်စသည့် ကစားသမားများမှာ ဒဏ်ရာနှင့် ပွဲပယ်၊ ဗိုင်းရပ်စ်ကူး စက်မှုပြဿနာများကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိ ဖြစ်ခဲ့သည်။
အေစီမီလန်အသင်းသည် အဆိုပါပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း စီးရီးအေပွဲစဉ် (၁၆)အပြီးတွင် ရမှတ် (၃၇)မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၁)နေရာ၌ ရပ်တည်နေပြီး တစ်ပွဲလျှော့ကစားထားသည့် ဂျူဗင်တပ်စ်အသင်းမှာ ရမှတ် (၃၀)မှတ်ဖြင့် အဆင့် (၄)နေရာ၌ ရပ်တည်နေသည်။