မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ရီယို ဖာဒီနန် က မာတီနယ်လီ ဟာ အာဆင်နယ် အသင်းရဲ့ အကောင်းဆုံး လူငယ် ကြယ်ပွင့်လို့ ချီးကျူး လိုက်ပြီး ဆာလီဘာ ကို ခေါ်ယူတာဟာ ငွေသက်သက် ဖြုန်းတီးရာ ရောက်ကြောင်း ဝေဖန် လိုက်ပါတယ် ။
ဘရာဇီး လူငယ် တိုက်စစ် ကစားသမား မာတီနယ်လီ ဟာ ၂၀၁၉-၂၀ ဘောလုံး ရာသီတွင် အာဆင်နယ် အသင်းမှာ အထူး တောက်ပ ခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ၂၆ ပွဲ အထိ ကစားခဲ့ကာ စုစုပေါင်း သွင်းဂိုး ၁၀ ၊ ဂိုးဖန်တီးမှု ၄ ကြိမ် အထိ ပြု လုပ်နိုင်ခဲ့ပါတယ် ။
ဒါပေမယ့် မာတီနယ်လီ ဟာ ပြီးခဲ့တဲ့နှစ် မတ်လမှာ ဒဏ်ရာ ရသွားခဲ့ပြီး ကာလရှည်ကြာ အနားယူခဲ့ရကာ ၂၀၂၀ နှစ်ကုန်ပိုင်းမှသာ ပြန်ကစား နိုင်ခဲ့ပါတယ် ။ မာတီနယ်လီ ဟာ ချဲလ်ဆီး နဲ့ ပွဲမှာ ပြန်လည် ပွဲထွက် ကစားခဲ့ပြီး ဘရိုက်တန် ကို နိုင်တဲ့ပွဲမှာလည်း ပွဲထွက် ခဲ့ပါတယ် ။
ဒီရာသီ အာဆင်နယ် အသင်းကြီးမှာ ဆာကာ ၊ စမစ်ရို တို့လို လူငယ် ကြယ်ပွင့်တွေ နေရာ ရလာကာ ခြေစွမ်းပြ ကစားလျက် ရှိနေပြီး ဖာဒီနန် ကတော့ အာဆင်နယ် လူငယ်တွေထဲမှာ မာတီနယ်လီ ဟာ အကောင်းဆုံး ဖြစ်တယ်လို့ ချီးကျူး လိုက်ပါတယ် ။
ဖာဒီနန် က FIVE YouTube Channel မှာ ” အာဆင်နယ် က လူငယ် ကြယ်ပွင့်တွေ အတွက် ရင်းနှီး မြှပ်နှံခဲ့ခြင်း နဲ့ လူငယ်တွေ အပေါ် ယုံကြည်မှု ပေးခဲ့တဲ့ အကျိုးကျေးဇူးကို ခံစား ရရှိ နေတယ်လို့ ထင်ပါတယ် ။ “
” ဆာကာ ကော စမစ်ရို ကော ထူးချွန်ကြတဲ့ ကစားသမားတွေပါ ၊ ဝီးလော့ လည်း ကစားခွင့် ရတဲ့ အချိန်မှာ တစ်စုံတစ်ခု လုပ်ပြ နိုင်စမြဲပါပဲ ၊ မိတ်လန်နိုင်းလ်စ် လည်း တူတူပါပဲ ။ အသင်းမှာ သူတို့သာ မရှိရင် ပိုဆိုးရွား သွားပါလိမ့်မယ် ။ အရင်တုန်းက အာဆင်နယ် အသင်းက ဒီရာသီ သိပ်အစွမ်းမပြနိုင်တဲ့ အူဘာမီယန်း ကို မှီခို နေရတာပါ ။ “
” ဒီလူငယ်တွေသာ မပါရင် အာဆင်နယ် အသင်း က တိုင်ပတ်မှာပါ ၊ လူငယ်တွေသာ မကစားနိုင်ရင် သူတို့ ဘယ်နေရာ ရောက်နေမယ်မှန်း ကျနော်လည်း မပြောတတ်ပါဘူး ၊ ကျွန်တော့် အတွက်ကတော့ မာတီနယ်လီ က အကောင်းဆုံး ကစားသမား တစ်ယောက်ပါပဲဗျာ ။”
ဖာဒီနန် က အာဆင်နယ် လူငယ် ကြယ်ပွင့်တွေကို ချီးကျူး လိုက်ပေမယ့် သူတို့ အသင်းမှာ အရည်အသွေးမြင့် ဗဟို နောက်ခံလူ ကင်းမဲ့နေကြောင်း ထောက်ပြ သွားခဲ့ပြီး ဆာလီဘာ ကို ခေါ်ယူခဲ့တဲ့ အပေါ် မေးခွန်းထုတ် ဝေဖန် သွားခဲ့ပါတယ် ။
” အာဆင်နယ် က ထိပ်တန်း ဗဟို နောက်ခံလူ လိုအပ်နေသေးတယ်လို့ ထင်ပါတယ် ၊ ပြဿနာတွေ အားလုံးရဲ့ အစက အဲ့ဒီ နေရာကပါပဲ ။ အာဆင်နယ် အသင်းမှာ လူငယ် ကြယ်ပွင့် ၇ ဦး ၈ ဦးလောက် ရှိနေပေမယ့် သူတို့ကို ဝန်းရံပေးမယ့်သူ လိုအပ်နေဆဲပါ ။ အာဆင်နယ် အသင်းရဲ့ ကစားသမား အင်အား ဖြည့်တင်းမှုက ပြဿနာ ရှိနေတာ အတော်ကြာပါပြီ ။ “
” ဆာလီဘာ နဲ့က ဘာဖြစ်ကြတာလဲ ၊ အခုအချိန်မှာ သူ့ကို ခေါ်လိုက်တာက ငွေဖြုန်းတီးသလို ဖြစ်နေပါတယ် ။ ဂါဘရီယဲလ် ကလည်း သာမန်ပါပဲ ၊ ဟိုးလ်ဒင်း က ဗဟို နောက်ခံလူ အဖြစ် ကစားနေပါတယ် ၊ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆို သူ့ကို အာဆင်နယ် အသင်း ခေါင်းဆောင် အဖြစ် ဘယ်သူ့မှ တွေးမိကြမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။