ရိန်းဂျား မန်နေဂျာ စတီဗင်ဂျာရတ်က မနေ့ညက Ibrox မှာ အဓိက အမှတ်ပေးဖလား ပြိုင်ဘက် ဆဲတစ်ကို အနိုင်ယူခဲ့တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်း အပြီးမှာ သူ့ကစားသမား တွေကို Old Firm derby မှာ ဘယ်လောက် အနိုင်ယူချင်စိတ် ရှိသလဲ ဆိုတာကို မေးမြန်းကာ စိတ်ဓာတ် မြှင့်တင် ခဲ့တယ်လို့ ထုတ်ဖော် သွားခဲ့ပါတယ်။
အိမ်ရှင် အသင်းဟာ ပထမပိုင်းမှာ ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိဘဲ ဆဲတစ်ရဲ့ ဖိအားပေး ကစားခြင်းကို ခံခဲ့ ရပါတယ်။ ဒါပေမယ့်လည် ဒုတိယပိုင်း ၆၂ မိနစ်မှာ ဘရစ်တန် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရခြင်းကြောင့် ဆဲတစ်ဟာ လူတစ်ယောက် လျော့သွားခဲ့ပြီး ဒါဟာ ပွဲရဲ့ အလှည့်အပြောင်း ဖြစ်သွား ခဲ့ပါတယ်။

အဲဒီနောက် ဆဲတစ် ကွင်းလယ်လူ မက်ဂရီဂေါ်ဟာ ရိန်းဂျားရဲ့ ထောင့်ကန်ဘောကို ရှင်းထုတ်ရင်း ကိုယ့်ဂိုးကိုယ်ပြန် သွင်းခဲ့မိတာကြောင့် ရိန်းဂျားတို့ တစ်လုံးတည်းသော အနိုင်ဂိုး ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ရိန်းဂျားဟာ သူတို့ရဲ့ ခါးသီးပြိုင်ဘက်ကို ၁၉ မှတ်ဖြတ်ကာ အမှတ်ပေး ဇယားထိပ်မှာ ဦးဆောင် သွားနိုင်ခဲ့ပြီး ဂျာရတ်က သူ့ကစားသမားတွေရဲ့ စွမ်းဆောင်မှု အပေါ် ဂုဏ်ယူမိတယ်လို့ ပြောလိုက် ပါတယ်။
ဂျာရတ်က “ဒါဟာ နောက်ထပ် ကြီးမားတဲ့ အနိုင် ၃ မှတ်ပါ။ နောက်ထပ် clean sheet လည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော် အသင်းရဲ့ အားထုတ်မှု အပေါ် တကယ် ဂုဏ်ယူမိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကစားပုံ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ပုံစံကောင်းကို မပြသ နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ဧရိယာ တော်တော်များများ နဲ့ ပထမပိုင်းရဲ့ မိနစ် တော်တော်များများမှာ ဆဲတစ်ကို မယှဉ်နိုင်ခဲ့ဘူးလို့ ထင်ပါတယ်။
ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ ကစားပုံ အများကြီး တိုးတက်လာ ခဲ့ပါတယ်။ ကျွန်တော်တို့ ကစားကွက် ကောင်းလာခဲ့သလို အားထုတ်ကစားမှုတွေ ရုပ်ပိုင်းဆိုင်ရာ အားပြု ကစားမှုတွေ ပိုလာ ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာ ခဲ့ပြီး ဒါကို ကျွန်တော်တို့ လုပ်နိုင် ခဲ့ပါတယ်။ ကျွန်တော်ဟာ ဆဲတစ် အသင်းသား တစ်ဦး အထုတ်မခံရမီ အသင်းရဲ့ ဒုတိယပိုင်း အစ ကစားပုံကို ပိုပြီး ကျေနပ်ပါတယ်။ အဲဒီနောက် အနီကတ်ဟာ ဒီပွဲရဲ့ အဓိက အလှည့်အပြောင်းလို ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း အနိုင်ရမယ့် အသင်းက တစ်သင်းပဲ ရှိတော့တဲ့ ပုံစံမျိုး ဖြစ်သွား ခဲ့ပါတယ်။” လို့ ပြောလိုက်ပါတယ်။

ပထမပိုင်း အပြီး အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို ဘာတွေ ပြောခဲ့သလဲ ဆိုတဲ့ မေးခွန်းကို ဂျာရတ်က “ကျွန်တော် သူတို့ကို ဒီဒါဘီ ပွဲစဉ်မှာ ဘယ်လောက် အနိုင်ယူချင်စိတ် ရှိကြသလဲ ဆိုတာကိုပဲ မေးမြန်း ခဲ့ပါတယ်။ ဒါဟာ ကျွန်တော် သူတို့ကို မေးဖို့ လိုအပ်တဲ့ တစ်ခုတည်းသော မေးခွန်း ဖြစ်ပါတယ်။ ဒီပွဲကို အနိုင်ယူချင်တယ် ဆိုရင်…အထူးသဖြင့် Ibrox မှာပေါ။ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ကွင်း ကိုယ့်ပရိတ်သတ်တွေ အတွက် ကာကွယ်မှု လုပ်သွား ရပါမယ်။ ကိုယ့်အနေနဲ့ ပြိုင်ဘက် လုပ်သမျှကို ခံနေရတာ ဒါမှမဟုတ် second best ဖြစ်နေလို့ မရပါဘူး။
ကိုယ်ဟာ ပွဲအတွင်းမှာ ရှိနေတယ် ဆိုတာ ဆဲတစ်ကို သိစေရပါမယ်။ ဆဲတစ်ကို ချီးကျူးပါတယ်။ သူတို့ဟာ ပထမပိုင်းမှာ တကယ်ကောင်းအောင် ကစား သွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ သိပ်မကြာသေးမီက cup final မှာ တအား ကောင်းအောင် ကစား ခဲ့ပြီး ပွဲအပြီးမှာ သူတို့ကို အရေးနိမ့်ကာ ဒီအတွက် ဘာမှ မရခဲ့ပါဘူး။ အရေးကြီးတာက နောက်ဆုံး ရလဒ်ပါပဲ။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရခဲ့ပြီး ကိုယ့်ရဲ့ ဦးဆောင်မှုကို ထိန်းထား နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အောင်မြင်မှု အတွက် ဆက်လက် ဆာလောင်နေဆဲပါ။ ကျွန်တော်တို့ အဘာဒင်းနဲ့ ပွဲကို အာရုံစိုက် သွားရပါမယ်။” လို့ ဆိုလိုက် ပါတယ်။

ရိန်းဂျားဟာ ဒီရာသီ စကော့တလန် ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ပုံစံ ရရှိနေပြီး ၂၂ ပွဲကစားထားရာမှာ ပွဲ ၂၀ နိုင် ၂ ပွဲသရေနဲ့ လုံး၀ ရှုံးပွဲမရှိအောင် ကစား ထားနိုင်ခဲ့ပြီး ၅၇ ဂိုး သွင်းယူကာ တစ်ရာသီလုံး ပေးဂိုးက ၅ ဂိုးသာ ရှိထား ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ရိန်းဂျားဟာ ဆဲတစ်ရဲ့ ၁၀ နှစ်ဆက်တိုက် အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းချက်ကို ဖျက်ဆီးနိုင်ရန် အနီးစပ်ဆုံး ဖြစ်သွားခဲ့ပါတယ်။