ယာဂန်ကလော့က သူ့အနေနဲ့ တီယာဂို အယ်ကန်တာရာကို အမြန်ဆုံး ပြန်ကစား စေချင် ပေမယ့် လီဗာပူး ကွင်းလယ်လူဟာ နယူးကာဆယ် နဲ့ ပွဲစဉ် မှာတော့ ပါဝင် ကစား နိုင်ဖို့ မရှိဘူးလို့ ဆိုလိုက် ပါတယ်။ တီယာဂိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက မာဆေးဆိုက် ဒါဘီမှာ ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ၂ လခွဲကျော် နားနေရသူ ဖြစ်ပြီး လက်ရှိမှာတော့ ဒဏ်ရာ ပြန်လည် သက်သာ လာခဲ့ပြီ ဖြစ်ကာ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နေခဲ့ပါတယ်။
ဒါပေမယ့်လည်း ကလော့က စပိန် လက်ရွေးစင်ဟာ ယနေ့ည နယူးကာဆယ်ကို စိန့်ဂျိမ်းပက်မှာ သွားရောက် ကစား ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာဖို့ မရှိဘူးလို့ ဆိုသွား ပါတယ်။
ကလော့က “ကျွန်တော် ကတော့ ကျွန်တော့် ကောင်လေးတွေ ဘောလုံး ကစားတာကို ကြည့်ရတာ နှစ်သက်ပါတယ်။ တီယာဂို ကလည်း ဒဏ်ရာ မရမီ ကျွန်တော်တို့ အတွက် မိနစ် အနည်းငယ် ကစား ပေးခဲ့ ပါတယ်။ ဒါ့ကြောင့် သူ ပြန်ကစားတာကို ကျွန်တော်တို့ မျှော်လင့် နေတာပါ။ ဒါပေမယ့် သူ ပြန်ကစား နိုင်မလား ဆိုတာ ကျွန်တော် မသိသေး ပါဘူး။ ကျွန်တော် ပြောချင် တာကတော့ သူဟာ နယူးကာဆယ် နဲ့ ပွဲစဉ် အတွက် ကျွန်တော်တို့နဲ့ လိုက်ပါ နိုင်မယ့်ပုံတော့ မရှိပါသေး ပါဘူး။
သူ့အနေနဲ့ လေ့ကျင့်မှု အစီအစဉ်တွေ အနည်းငယ် လုပ်သွားဖို့ လိုနေ ပါသေးတယ်။ သူဟာ တကယ့်ကို ဆိုးရွားတဲ့ challenge ကြောင့် ဒူးခေါင်းမှာ ထိခိုက်မှု ရှိခဲ့ပြီး ကာလရှည် နားနေ ခဲ့ရတာပါ။ အရွတ်တွေ စုတ်ပြဲခဲ့တာ အရိုးကျိုး ခဲ့တာတွေ မရှိ ခဲ့ပေမယ့် သူ့ရဲ့ ဒဏ်ရာဟာ အပြည့်အ၀ ပြန်ကောင်းလာဖို့ အတွက် အချိန်ယူ နေရဆဲပါ။ ဒီဒဏ်ရာဟာ အချိန်ယူ သွားရမှာပါ။ ကျွန်တော်တို့ အလောတကြီး လုပ်သွားဖို့ မရပါဘူး။ ကျွန်တော်တို့ လုပ်သွားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သူ ဘယ်အချိန် ပြန်ကစား သွားမလဲ ဆိုတာ ကျွန်တော် အတိအကျ မသိပါဘူး။” လို့ ဆိုလိုက်ပါတယ်။
လီဗာပူးဟာ ခရစ်စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၇ ဂိုးပြတ်နဲ့ အနိုင် ရရှိ ခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝက်ဘရွမ်းကို အန်ဖီးကွင်းမှာ မထင်မှတ်ဘဲ ၁ ဂိုးစီ သရေကျခဲ့ကာ အဖိုးတန် ရမှတ် ၂ မှတ် ဆုံးရှုံး ခဲ့ပါတယ်။
ကလော့က “ဒါဟာ ယုံကြည်မှုနဲ့ မဆိုင်ပါဘူး။ ဒါဟာ အတွေ့အကြုံ ရခဲ့တာပါ။ ပဲလေ့စ်ကို ၇-၀ နဲ့ နိုင်ပြီးတဲ့ အချိန်မှာကော ဝက်ဘရွမ်းနဲ့ ၁-၁ ဖြစ်ခဲ့တဲ့ အချိန်မှာကော ကျွန်တော်တို့ဟာ Top group အဖြစ် ရှိနေဆဲပါ။ ဘာမှ မပြောင်းလဲပါဘူး။ အပြင်ဘက်က အယူအဆ တွေကတော့ ပြောင်းလဲကောင်း ပြောင်းလဲ နိုင်ပါတယ်။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ သရေ ရလဒ် အပေါ် မပျော်ရွှင်ပါဘူး။ ဒါပေမယ့် အခု ဒီကိစ္စက ပြီးသွားပါပြီ။ ဘာမှ ပြောင်းလဲလို့ မရပါဘူး။
ကျွန်တော်တို့ အနေနဲ့ နောက်တစ်ခါ ဒါမျိုး ထပ်မဖြစ်အောင် အသေအချာ လုပ်သွား ရပါမယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ ပွဲဟာ ဘယ်လို ဖြစ်လာမလဲ ဆိုတာ ကျွန်တော် မသိသေးပါဘူး။ ဒီပွဲစဉ် အတွက် ananlysis လုပ်ပြီးနောက် ကျွန်တေ်ာတို့ ဘာလုပ်ရမလဲ ဆိုတာ သိလာ နိုင်ပါတယ်။ ဒါဟာ နောက်ထပ် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာမှာပါ။ နယူးကာဆယ် နဲ့ ပွဲတွေဟာ အမြဲတမ်း ဒီလိုမျိုး ပါပဲ။ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေအောင် ပြင်ဆင် သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။