အေစီမီလန်အသင်းမှ ဆွီဒင်ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်က မိမိအနေဖြင့် တစ်နေ့နေ့တွင် နည်းပြတစ်ဦးဖြစ်လာနိုင်သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
အီဘရာဟီမိုဗစ်က သူ၏စိတ်ကြိုက် ကမ္ဘာ့အကောင်းဆုံးကစားသမား(၁၁)ဦး ရွေးချယ်မှုတွင် ယင်းအသင်းနည်းပြအဖြစ် ဆောင်ရွက်လိုကြောင်းနှင့် သူ့အနေဖြင့် တစ်နေ့နေ့တွင် အမှန်တကယ် နည်းပြတစ်ဦးဖြစ် လာနိုင်သည်ကို မည်သူသိနိုင်မည်နည်းဟုလည်း မေးခွန်းထုတ်ခဲ့သည်။
အီဘရာဟီမိုဗစ် ရွေးချယ်သည့် ကမ္ဘာ့အကောင်းဆုံးအသင်းတွင် ဂိုး – ဘူဖွန်၊ နောက်တန်း – မိုင်ကွန်၊ နက်စတာ၊ ကင်နာဗာရို၊ မက်ဇ်ဝဲလ်၊ အလယ်တန်း – နက်ဗက်၊ ဗီယာရာ၊ ဇာဗီ၊ ဇီဒန်း၊ ရှေ့တန်း – စီရော်နယ်လ်ဒို၊ မာရာဒိုနာ စသည့်ကစားသမားများ ပါဝင်ခဲ့သည်။
အီဘရာဟီမိုဗစ်သည် သူရွေးချယ်သည့် ကစားသမားတစ်ဦးချင်းစီကို မည်သည့်အတွက်ကြောင့် ရွေးချယ်ခဲ့သည်ဟုလည်း ရှင်းလင်းချက်များ ပေးခဲ့သည်။ သို့သော် အီဘရာဟီမိုဗစ်၏ရွေးချယ်မှုတွင် ဘာစီလိုနာအသင်း၌ကစားစဉ် သူနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေမှုများရှိခဲ့သည့် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီကို ထည့်သွင်းခြင်းမရှိသည်မှာလည်း ထောက်ပြစရာ ဖြစ်ခဲ့သည်။