ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့၌ ကျင်းပခဲ့သော Globe Soccer Awards ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးတို့သည် သက်ဆိုင်ရာနိုင်ငံများ၏ ဗိုင်းရပ်စ်စည်းမျဉ်းကို ချိုးဖောက်ခဲ့ခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ကပ်ဘေးကာလဖြစ်သောကြောင့် အီတလီနှင့် ဂျာမနီနိုင်ငံများတွင် ခရီးသွားလာခွင့်ကို ကန့်သတ်တားမြစ်ထားပြီး မဖြစ်မနေသွားရောက်ခဲ့ရပါက နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ချိန်တွင် သီးခြားနေထိုင်ရန်လည်း ညွှန်ကြားထားသည်။
အီတလီနိုင်ငံတွင် (၁၄)ရက်ကြာ သီးခြားနေထိုင်ရမည်ဖြစ်သလို၊ ဂျာမနီနိုင်ငံတွင် (၁၀)ရက်ကြာ သီးခြားနေထိုင်ရမည်ဟု သိရသည်။ ထို့ကြောင့် ယင်းကစားသမားများ၏ အပြုအမူအတွက် အီတလီနှင့် ဂျာမန်မီဒီယာများက ဝေဖန်ပြစ်တင်မှုများ ပြုလုပ်နေကြသလို၊ ပရိသတ်အချို့ကလည်း အထူးအခွင့်အရေးမရသင့်ကြောင်း ထောက်ပြနေကြသည်။
ဂျူဗင်တပ်စ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ကမူ ယင်းကစားသမားများကို လာမည့်ပွဲစဉ်တွင် ပုံမှန်အတိုင်း အသုံးပြုရန်စီစဉ်နေကြောင်း သိရသည်။