ဒီတစ်ပတ် ဘောက်ဆင်ဒေးမှာ အာဆင်နယ် နဲ့ ချဲလ်ဆီး တို့ ထိပ်တိုက် တွေ့ဆုံ နေကြပြီး တနင်္ဂနွေ နံနက် မြန်မာ စံတော်ချိန် ၀၀:၀၀ နာရီမှာ ကစားသွားမှာပါ ။ အာဆင်နယ် အသင်းကတော့ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေပြီး အဆင့် ၁၅ ထိ ရောက်နေပါတယ် ။
ချဲလ်ဆီး အသင်းကတော့ နှစ်ပွဲဆက် ရှုံးနိမ့်မှုကို ဝက်စ်ဟမ်း အသင်းကို အနိုင် ကစားပြီး ရပ်တန့်နိုင်ခဲ့ပါတယ် ။ ဒီနေ့ နံနက် အစောပိုင်းမှာ အာဆင်နယ် နည်းပြ အာတီတာ ဟာ ချဲလ်ဆီး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။
အာတီတာ က ဘောက်ဆင်ဒေးမှာ ကစားမယ့် ချဲလ်ဆီး နဲ့ ပွဲမှာ အူဘာမီယန်း နဲ့ မာတီနယ်လီ ပြန်လည် ပါဝင်နိုင်မှာလား ဆိုတဲ့ မေးခွန်းကို သေချာပေါက် တပ်အပ် မပြောနိုင်သေးကြောင်း ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။
” ခင်ဗျားတို့ မေးတဲ့ မေးခွန်း နှစ်ခုစလုံးကို ပြန်ဖြေရမယ်ဆို ကျွန်တော်တို့ မသိပါဘူး ၊ လာမယ့် ၄၈ နာရီ အတွင်းမှာ သူတို့ ဘယ်လောက်အထိ တိုးတက်မှု ရှိလာမလဲ ဆိုတာ စောင့်ကြည့်ရမှာပါ ၊ သူတို့ နှစ်ဦးစလုံးက အသင်းကို ကူညီဖို့ စိတ်အားထက်သန် နေကြတယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောရဲပါတယ် ၊ ဒါပေမယ့် သူတို့ အသင်းအတွက် ကစားနိုင်မလား ၊ မကစားနိုင်ဘူးလားဆိုတာ စောင့်ကြည့်ရမှာပါ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။
အာဆင်နယ် အသင်း ခေါင်းဆောင် အူဘာမီယန်း ဟာ ခြေသလုံးသား ဒဏ်ရာကြောင့် နောက်ဆုံး နှစ်ပွဲဆက် ပါဝင် ကစားနိုင်ခဲ့ခြင်း မရှိဘဲ လူငယ် ကြယ်ပွင့် မာတီနယ်လီ ဟာလည်း မန်စီးတီး နဲ့ ပွဲမှာ ပြိုင်ဘက် ဂိုးသမား နဲ့ တိုက်မိပြီး လူစားလဲ ခံခဲ့ရတာပါ ။
အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ အူဘာမီယန်း ဟာ လေ့ကျင့်ခန်း အချို့ ပြန်လုပ်နိုင်နေပြီ ဖြစ်ပြီး မာတီနယ်လီ ရဲ့ ဒဏ်ရာ ကလည်း သက်သာကောင်းမွန်နေပြီ ဖြစ်ပြီး ချဲလ်ဆီး နဲ့ ပွဲကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ပါဝင် နိုင်ဖို့ မျှော်လင့် ထားတယ်လို့ သိရပါတယ် ။
ဆက်လက်ပြီး မနှစ်က ချဲလ်ဆီး အသင်းကို အက်ဖ်အေ ဖလား ဖိုင်နယ်မှာ အနိုင် ရခဲ့တယ်နော် ၊ အဲ့နောက်ပိုင်း ချဲလ်ဆီး က ပေါင် သန်း ၂၂၀ အထိ သုံးခဲ့တယ် ၊ ဒါကြောင့် အရင်ကနဲ့ အခု ချဲလ်ဆီး နဲ့ ကစားရတာ ဘာကွာခြား သွားနိုင်သလဲ ဆိုတဲ့ မေးခွန်းကို အာတီတာ က အခုလို ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။
” ချဲလ်ဆီး အသင်း က ကစားသမား အင်အား တောင့်တင်းတယ်ဆိုတာတော့ အမှန်ပါပဲ ၊ ပြီးခဲ့တဲ့လ အနည်းငယ်တုန်းက ကျွန်တော်တို့ ရင်ဆိုင် ခဲ့ရတဲ့ ချဲလ်ဆီး အသင်းကလည်း ထိပ်တန်း အသင်း တစ်သင်းပါပဲ ။ ”
” အခု အချိန်မှာ သူတို့ အသင်းက ပရီးမီးယားလိဂ် ရဲ့ အင်အား အတောင့်တင်းဆုံး အသင်း တစ်သင်းပါ ၊ သူတို့ လုပ်စရာ ရှိတာကို ကောင်းကောင်း လုပ်ထား နိုင်ပါတယ် ၊ ဖရန့် ကလည်း သူ့အလုပ်ကို သူ ကောင်းကောင်း လုပ်ထားနိုင်ပါတယ် ၊ သူ့အသင်းက ယုံကြည်မှု အပြည့် ရှိနေပါတယ် ။ ”
” နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေမှာ သူတို့ ရှုံးပွဲ အချို့ ကြုံတွေ့ ခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ပြန်အနိုင် ရခဲ့ပါတယ် ၊ ကျွန်တော်တို့ ပရီးမီးယားလိဂ် က ထိပ်တန်း အသင်း တစ်သင်း နဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။