မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဖြစ်သူ ဂယ်ရီ နဗီးလ် က လက်ရှိ အသင်းမှ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် နဲ့ ဗဟို နောက်ခံလူ ဟယ်ရီ မက်ဂွားယား တို့ကို အစားထိုးလို့ မရနိုင်တဲ့ ကစားသမား နှစ်ဦး အဖြစ် သတ်မှတ် သွားခဲ့လိုက် ပါတယ် ။
ဒါ့အပြင် အသင်းဖော်ဟောင်း ဖြစ်သူ ဆိုးလ်ရှား အနေနဲ့ အသင်းရဲ့ အားအထားရဆုံး ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ ဘရူနို နဲ့ မက်ဂွားယား တို့ကို အနားပေးလို့ ရနိုင် လောက်တဲ့ အထိ အခွင့်အရေးတွေ မပိုင်ဆိုင် ထားကြောင်း သတိပေး စကားလည်း ပြောကြား သွားခဲ့လိုက် ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့က ဂွတ်ဒီဆင်ပါ့ခ် မှာ အဲဗာတန် အသင်းကို 0 – 2 ဆိုတဲ့ ရလဒ်နဲ့ အနိုင် ကစား ခဲ့ပြီး ကာရာဘောင်း ဖလား ပြိုင်ပွဲ ဆီမီး ဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။ ဒီပွဲ မှာတော့ ယူနိုက်တက် အတွက် ကာဗာနီ နဲ့ မာရှယ် တို့က နောက်ကျ မိနစ် ဂိုးတွေ သွင်းယူ ပေးခဲ့ကြ ပါတယ် ။
ဒီလို အနိုင် ရလဒ် ထွက်ပေါ်ဖို့ အတွက် ဆိုးလ်ရှား က လိဒ်စ် ယူနိုက်တက် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ်မှ ကစားသမား စာရင်း အပြောင်းအလဲ 9 ယောက် အထိ လုပ်ဆောင် ခဲ့ပြီး ဘရူနို နဲ့ မက်ဂွားယား တို့ကိုတော့ အနား မပေးပဲ ပွဲဆက် ကစားစေခဲ့ ပါတယ် ။ ဒါ့ကြောင့် နဗီးလ် က သူတို့ကို အနားပေးလို့ မရသူ နှစ်ဦး အဖြစ် သတ်မှတ် ခဲ့တာပဲ ဖြစ်ပါတယ် ။
” သူတို့ တွေက အစားထိုးလို့ မရတဲ့ ကစားသမား နှစ်ဦးပဲလို့ ကျွန်တော် ထင်မိ ပါတယ် ။ ဖာနန်ဒက်စ် ကို အစားထိုးလို့ မရနိုင် ပါဘူး ။ သူမပါတဲ့ ယူနိုက်တက် အသင်းရဲ့ ကစားပုံက စိတ်ပျက်ဖွယ်ရာ ပါပဲ ။ သူဟာ အသင်းရဲ့ တိုက်စစ် ကစားကွက် အတွက် အရေး အပါဆုံး ကစားသမား တစ်ယောက် ပါပဲ ”
” မက်ဂွားယား ၊ သူ့ကိုရော ကျွန်တော်တို့ လက်လွှတ်ခံလို့ ရနိုင်မလားဆိုတာ ခင်ဗျားတို့ သိကြမယ်လို့ ကျွန်တော် တွေးမိပါတယ် ။ ကျွန်တော် ကတော့ သူမပါရင် ယူနိုက်တက် အသင်းဟာ သူ့ကို အရမ်းပဲ လွမ်းနေ လိမ့်မယ်လို့ တွေးတောမိ ပါတယ် ”
” ဟုတ်ပါတယ် ၊ သူက ဒီလိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦး မဟုတ်ဘူးလို့ လူတွေ ပြောဆိုကြမှာ ကျွန်တော် သိနေပါတယ် ။ သူက ပေါင် သန်း 80 နဲ့ ပြောင်းလာ ကတည်းက အကောင်းဆုံး မလုပ်ပြ နိုင်ခဲ့တာ ကျွန်တော်တို့ သိကြ ပါတယ် ။ ဒါပေမယ့် သူဟာ လက်ရှိ အသင်းရဲ့ ခံစစ်မှာ အကောင်းဆုံး ကစား ပေးနေခဲ့တယ် ဆိုတာ ကျွန်တော်တို့ သိကြ ပါတယ် ”
” သူဟာ ဘောလုံးကိုင် ကစားတာ ကောင်းတယ် ၊ တည်ငြိမ်တယ် ၊ ပြီးတော့ အမြင့်ဘော တွေကို ပိုင်နိုင် ပါတယ် ။ သူဟာ အမှားတွေ အများကြီး မကျူးလွန်ခဲ့ ပါဘူး ။ တစ်ခါတလေ သူက ထောင်ချောက် မိသွားတာမျိုး ရှိတတ်ပါတယ် ။ ဒါပေမယ့် ဟယ်ရီက ခံစစ် ကစားသမားကောင်း တစ်ယောက် ဖြစ်ပြီး အသင်း အတွက် အရေးပါလွန်းသူ တစ်ဦးပါ ”
” သူနဲ့ ဖာနန်ဒက်စ် တို့ကို ဒီလို အချိန်မှာ အနားပေးလို့ ရနိုင်မလားတော့ ကျွန်တော် မသိပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အနေအထားတွေ အရ အိုလီဟာ ပွဲစဉ် တစ်ပွဲကို ရှုံးရင်ရှုံးပါစေ ဆိုပြီး အရှုံးခံလို့ ရနိုင်သူ အဖြစ် မရှိသေးလို့ ပါပဲ ” လို့ ဂယ်ရီ နဗီးလ် က သုံးသပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။
ယူနိုက်တက်တို့ဟာ ဘောက်ဆင်ဒေးမှာတော့ ပြိုင်ဖက်ကောင်းဖြစ်တဲ့ လက်စတာစီးတီး အသင်းနဲ့ ရင်ဆိုင် ကစားကြရဖို့ ရှိနေပြီး ကာရာဘောင်း ဖလား ဆီမီး ဖိုင်နယ် အဆင့် မှာတော့ မြို့ခံ ပြိုင်ဖက် မန်ချက်စတာ စီးတီး အသင်းနဲ့ ဒါဘီ ပွဲစဉ် ကစားကြ ရဖို့ ရှိနေကြ ပါတယ် ။