ခရစ်စတယ်ပဲလေ့စ်ကို ၇-၀ နဲ့ ဂိုးပြတ် ချေမှုန်းခဲ့ပြီးနောက် လီဗာပူး အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်က လီဗာပူး အနေနဲ့ ဒီလို ရလဒ်မျိုး ရလာလိမ့်မယ်လို့ ကြိုတင် ခံစားမိခဲ့တယ်လို့ ဝန်ခံ သွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဟာ မနေ့ညက ဆယ်ဟတ်ပက်မှာ တကယ့်ကို သေချာတဲ့ အဆုံးသတ်မှုတွေနဲ့ အကောင်းဆုံး ခြေစွမ်းကို ပြသ သွားခဲ့ကာ ဟန်ဒါဆန် ကလည်း လီဗာပူးရဲ့ စတုတ္ထမြောက် ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။
လီဗာပူး အသင်းဟာ ပထမပိုင်းမှာပဲ ၃ ဂိုးပြတ်နဲ့ ဦးဆောင် နိုင်ခဲ့ပြီး မီနာမီနို ၊ မာနေး ၊ ဖာမီနို တို့က တိကျတဲ့ အဆုံးသတ်ဂိုးတွေ သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လီဗာပူးဟာ ပွဲကို ပိုမို လွှမ်းမိုး ကစားနိုင်ခဲ့ပြီး ဟန်ဒါဆန် ဖာမီနို တို့က ဂိုးတွေ ထပ်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် လူစားဝင် ကစားသမား ဖြစ်သူ ဆာလားဟာ လက်ကျန် ဂိုး ၂ ဂိုးကို သွင်းယူ ပေးခဲ့ပြီး လီဗာပူးဟာ အမှတ်ပေးဇယားထိပ်မှာ ၆ မှတ်အသာနဲ့ ဦးဆောင် လိုက်နိုင်ပါတယ်။
ဟန်ဒါဆန်က “ကျွန်တော်တို့ ဒီညမှာ အညာအတာ ကင်းမဲ့ ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ အသုံးချနိုင်ခဲ့ပြီး ဒါဟာ အမြဲ အရေးပါပါတယ်။ ပြီးတော့ ပွဲချိန် အများစုကို လွှမ်းမိုး ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ကျွန်တော် ခံစားမိနေဆဲပါ။ ကျွန်တော်တို့ တစ်ချို့ အချိန်တွေမှာ အနည်းငယ် ပေါ့လျော့ ခဲ့ပါတယ်။
ဒါပေမယ့် တစ်ပွဲလုံး ခြုံပြီးပြောရမယ် ဆိုရင် ဒီစွမ်းဆောင်ရည် ၊ ရလဒ်နဲ့ ပက်သက်ပြီး ကျွန်တော်တို့ ဝမ်းမြောက်မိပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီမှာ လာကစားရတာ ဘယ်လောက် ခက်ခဲသလဲ ဆိုတာ ကျွန်တော်တို့ သိထားလို့ပါ။ သူတို့ဟာ အသင်းကောင်း ဖြစ်ပြီး ခက်ခဲအောင် လုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီရက်သတ္တပတ်ကို နိုင်ပွဲတွေနဲ့ အဆုံးသတ် နိုင်ခဲ့တာ အရေးပါပါတယ်။”
လီဗာပူး အသင်းဟာ ပထမပိုင်းမှာ ဂိုးပေါက် တည့်မတ်မှု ၃ ကြိမ် ရှိခဲ့ပြီး ၃ ကြိမ်စလုံး ဂိုးဝင်အောင် ကန်သွင်းယူ နိုင်ခဲ့ပါတယ်။
လီဗာပူး အသင်းခေါင်းဆောင်က “ဒီလို အချိန်တွေ ရောက်လာလိမ့်မယ်လို့ ကျွန်တော် ခံစားမိ ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ပွဲစဉ် အနည်းငယ်က ကျွန်တော်တို့ အခွင့်အရေး တစ်ချို့ ရရှိခဲ့ပေမယ့် ဒါတွေကို အသုံးမချ နိုင်ခဲ့ပါဘူး။ ဒါဟာ ကျွန်တော်တို့ကို တစ်ချို့ အချိန်တွေမှာ ထိခိုက်မှု ရှိစေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ကျွန်တော်တို့ အခွင့်အရေးတွေကို အသုံးချ နိုင်ခဲ့ပြီး ဘောလုံးမှာ ဒါဟာ အမြဲ အရေးပါပါတယ်။”
ဒါဟာ ဒီရာသီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်သလား ဆိုတဲ့ မေးခွန်းကိုတော့ “တစ်နည်းနည်းနဲ့တော့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးရလဒ်ကိုပဲ မကြည့်ပါဘူး။ ဒါဟာ ကြီးမားတဲ့ သွင်းဂိုး ပမာဏ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တစ်ပွဲလုံး စွမ်းဆောင်ရည်ကိုပဲ ကြည့်ပါတယ်။ ကြားရက်က စပါးနဲ့ ပွဲမှာ ကျွန်တော်တို့ တအားကောင်းခဲ့သလို ဒီနေ့လည်း အရမ်း ကောင်းခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီအရှိန်အဟုန်ကို ဆက်ထိန်းထားရမှာပါ။ ဆက်လက် အာရုံစိုက်ကာ ဆက်လက် ကြိုးစားပြီး ဆက်လက် ချီတက်ရမှာပါ။ ခရစ်စမတ်ဟာ အားလုံး အတွက် ခက်ခဲတဲ့ ကာလ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီအတိုင်း ဆက်သွားကာ နိုင်ပွဲတွေ ဆက်လက် ရယူဖို့ လိုပါတယ်။”
ဒီပွဲရဲ့ အကောင်းဆုံး သွင်းဂိုးက ဘယ်ဂိုး ဖြစ်နိုင်မလဲ ဆိုတဲ့ မေးခွန်းကို ဟန်ဒါဆန်က “ကျွန်တော့်ရဲ့ ဂိုးက အကောင်းဆုံးပါ။ နောက်တာပါ။ ဘယ်ဂိုးက အကောင်းဆုံး ဖြစ်မလဲ? သွင်းဂိုးတွေ အားလုံး ကောင်းမွန်ကြပါတယ်။ မိုရဲ့ နောက်ဆုံးဂိုးက အကောင်းဆုံးပါ။ ဒါပေမယ့် အခြား သွင်းဂိုးတွေလည်း ကောင်းကြပါတယ်။ ကျွန်တော် ခုနက ပြောခဲ့သလိုပဲ။ ဒါမျိုးတွေ လာလိမ့်မယ်လို့ ကျွန်တော် တွေးထားခဲ့ပြီးသားပါ။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်မှာ ကျွန်တော်တို့ဟာ ပြိုင်ဘက်ရဲ့ ဂိုးရှေ့မှာ ထင်ထားသလောက် အဆုံးသတ် မသေချာခဲ့ပါဘူး။” လို့ ပြောလိုက်ပါတယ်။