အာဆင်နယ်နည်းပြ အာတီတာက အသင်းရလဒ်များ ဆိုးရွားနေခြင်းအတွက် မိမိတွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၂) အပြီးတွင် (၄)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၇)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားပြီး ရမှတ် (၁၃)မှတ်ဖြင့် အဆင့် (၁၅)နေရာ၌ ရပ်တည်နေသည်။
အာဆင်နယ်အသင်းသည် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၅)ပွဲတွင် နိုင်ပွဲမရှိဘဲ (၄)ပွဲအထိ ရှုံးနိမ့်ခဲ့ကာ (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းမှာ ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီး အာတီတာက ဝေဖန်မှုများကို လက်ခံကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
အာတီတာက “ဒါက သဘာဝပါပဲ။ ဝေဖန်မှုတွေကို ကျွန်တော် လက်ခံပါတယ်။ ဒါက အလုပ်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ အသင်း ရလဒ်ဆိုးရွားမှုတွေအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်က နည်းပြပါပဲ။ ဒါကြောင့် ပြစ်တင်ဝေဖန်မှုတွေကို ကျွန်တော် လက်ခံပါတယ်။ ဘောလုံးမှာ ဘယ်လိုပဲ အကြောင်းတွေပဲရှိရှိ အဓိကတော့ ပွဲတွေ နိုင်ဖို့ပါပဲ။ အာဆင်နယ်အသင်းက အသင်းကြီးတစ်သင်းဖြစ်ပြီး အခုလို ရလဒ်တွေဆိုးရွားနေတာကို လက်ခံနိုင်စရာ မရှိပါဘူး”ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)အဖြစ် ဒီဇင်ဘာလ (၁၆)ရက်တွင် ဆောက်သမ်တန်အသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်သည်။