PSG တိုက်စစ်မှူး ဘာပေက ၎င်း၏အနာဂတ်အား ဆုံးဖြတ်ရာတွင် မိသားစု၏ဆုံးဖြတ်ချက် ပါဝင်မည်ဖြစ်ပြီး မိသားစုမှာ မိမိအတွက် အလွန်အရေးကြီးသည်ဟု အွန်လိုင်းမီဒီယာ COPA90 သို့ ပြောကြားခဲ့သည်။
ဘာပေသည် လက်ရှိဘောလုံး လောကတွင် အတောက်ပဆုံးလူငယ် ကြယ်ပွင့်ဖြစ်ပြီး PSG အသင်းနှင့် ၎င်း၏စာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်သည်။
သို့ဖြစ်ရာ စာချုပ်သက်တမ်းကုန်ဆုံးရန် နီးကပ်လာသော ဘာပေအား ခေါ်ယူရန် ရီးယဲလ်မက်ဒရစ်အသင်းအပါအဝင် ဥရောပထိပ်တန်းအသင်းများက စိတ်အား ထက်သန်နေကြပြီး PSG အသင်းအနေဖြင့် လက်ကျန် (၁၈)လတာကာလအတွင်း ဘာပေအား သက်တမ်းတိုးရန် ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိနေသည်။
PSG အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ က အသက် (၂၁)နှစ်အရွယ် ဘာပေအား ဆက်ထိန်းထားနိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားထားသည်။
ဘာပေက ၎င်း၏အနာဂတ်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များကို မိသားစုနှင့် တိုင်ပင်၍ ဆုံးဖြတ်သွားမည်ဖြစ်ပြီး မိသားစုက ၎င်းအတွက် အရေးပါသည့်ကဏ္ဍတွင် ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။
ဘာပေက “ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်တိုင်းကို အတူတကွချမှတ်ပါတယ်။ ဒါက အသန်မာဆုံးဖြစ်စေတဲ့အရာလည်း ဖြစ်ပါတယ်။ မိသားစုက ကျွန်တော့်ကို ဒီနေရာအထိရောက်အောင် တွန်းတင်ခဲ့တာပါ။ သူတို့သာမရှိရင် ဒီအရာတွေက ဖြစ်မလာနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ ခက်ခဲတဲ့အချိန်တွေ ရင်ဆိုင်ရပြီး အဲဒီအချိန်တွေမှာ ကိုယ့်အတွက် သူတို့ တွေရှိနေတာကို မြင်နိုင်ပါတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်အတွက် အမြဲအဆင်သင့်ရှိခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။