ခရစ္စတယ်ပဲလေ့စ် ၁-၁ စပါး
စပါးက ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိဖြတ်သန်းလာခဲ့တာ ဒီပွဲနဲ့ဆို (၁၁)ပွဲမြောက်ရှိပြီ။ ဒါပေမဲ့ ဒီပွဲကတော့ ရမှတ် (၂)မှတ် ဆုံးရှုံးသွားသလို ခံစားခဲ့ရပါတယ်။ စပါးက ဦးဆောင်ဂိုးမရခင်နဲ့ ချေပဂိုးပေးရပြီးနောက်ပိုင်းမိနစ်တွေမှာ အကောင်းဆုံးကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ (၁-၀)နဲ့ ဦးဆောင်နေတဲ့အချိန်မှာ ပိုကောင်းတဲ့အသင်းက ပဲလေ့စ်ဖြစ်ခဲ့တယ်။ ဒါက မော်ရင်ဟို မန်ယူမှာ ကြုံခဲ့ရတာမျိုးဖြစ်ပြီး၊ မန်ယူနည်းပြဘဝတုန်းက ဒုတိယပိုင်းမှာ ချေပဂိုးများစွာပေးခဲ့ရတာကို ပြန် အမှတ်ရမိတယ်။
ဒါပေမဲ့ တစ်ဖက်ကကြည့်ရင် ပဲလေ့စ်ရဲ့ ကစားအားနဲ့ ခြေစွမ်းပိုင်းကလည်း တော်တော်လေးကောင်းမွန်ပါတယ်။ အထူးသဖြင့် အီဇီရဲ့အကောင်းဆုံးပွဲဖြစ်ပြီး ဒီရာသီမှာ ပဲလေ့စ်ရဲ့အကောင်းဆုံးကစားသမားလို့တောင် ပြောလို့ ရတယ်။ ဒီပွဲမှာ အကောင်းဆုံးကစားခဲ့တဲ့နောက်တစ်ဦးက ပဲလေ့စ်ဂိုးသမား ဂွိုင်တာဖြစ်ပြီး သူ့ရဲ့ကာကွယ်မှုတွေကြောင့် စပါးအသင်းက ပွဲကို စောစောစီးစီးအဆုံးမသတ်နိုင်ခဲ့တာလည်းဖြစ်တယ်။
ကိန်းရဲ့လှပတဲ့အဝေးကန်ချက်မှာ သူအားနည်းခဲ့တယ်လို့ ပြောလို့ရပေမဲ့ ရယ်ဂီလွန်၊ အန်ဒွန်ဘီလီ၊ ဟာရီကိန်းတို့ရဲ့ အပိုင်အခွင့်အရေးတွေကို ကာကွယ်ခဲ့လို့ (၂-၀)မဖြစ်သွားတာ၊ (၁-၁) အခြေအနေမှာ ဒိုင်ယာရဲ့ ဖရီးကစ်ကို ဒီရာသီအကောင်းဆုံး Save တွေထဲက တစ်ခုလို့ ပြောရလောက်အောင် ကာကွယ်သွားခဲ့တာတွေက စပါးကို နစ်နာစေခဲ့တယ်။ ပွဲပြီးခါနီးမှာ စပါးကစားခဲ့တာ တော်တော်လေးကောင်းပြီး၊ အနိုင်ဂိုးလည်းရမလိုဖြစ်ခဲ့ပေမဲ့ ခြုံကြည့်ရင် သရေပွဲက မျှတပါတယ်။ နိုင်ပွဲမရခဲ့ပေမဲ့ ချယ်လ်ဆီး ရှုံးတာ၊ လီဗာပူးလ် သရေကျတာကြောင့် အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ဦးဆောင်နိုင်ခဲ့တယ်။