ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ယခုရာသီတွင် ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိနိုင်သည်ဟု ခန့်မှန်းပြောဆိုမှုကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရှိရသည်။
အဲဗာတန်နှင့်ပွဲမတိုင်မီ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချယ်လ်ဆီးအသင်းမှာ အလွန်တောင့်တင်းသည့် ကစားသမားအင်အားကို ပိုင်ဆိုင်ထားပြီး ယခုရာသီတွင် ချန်ပီယံဆုဖလားကို စိန်ခေါ်နိုင်သည့် အသင်းတစ်သင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
သို့သော် လမ်းပတ်က ကလော့ပ်၏ပြောဆိုမှုမှာ ရယ်ရွှင်ဖွယ်ကောင်းသည်ဟု တုံ့ပြန်ခဲ့ပြီး မိမိ၏အသင်းမှာ လူငယ်များဖြင့်ဖွဲ့စည်းထားသော အသင်းတစ်သင်းအဖြစ်သာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။
ယင်းပွဲအပြီး မီဒီယာတွေ့ဆုံမှု၌ လမ်းပတ်က ”ဒီရာသီက အရှည်ကြီး ကျန်ပါသေးတယ်။ တချို့လူတွေက ကျွန်တော့်တို့အသင်းဟာ အမှတ်ပေးပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ်၊ ဒီလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းကိုပိုင်ဆိုင်ထားတယ်လို့ ပြောနေကြပါတယ်။ တကယ်ကို ရယ်ရွှင်ဖွယ်ရာပါပဲ။ တကယ်လို့ အကောင်းဆုံးအသင်းအကြောင်းပြောမယ်ဆိုရင် ပြီးခဲ့တဲ့ (၂)နှစ်၊ (၃)နှစ်အတွင်း ချန်ပီယံဖြစ်ခဲ့တဲ့အသင်းတွေကို ကြည့်ပါ။ သူတို့အသင်းတွေက တစ်ရာသီလုံး ဂိုး (၃၀)၊ (၄၀)လောက်သွင်းယူနိုင်တဲ့ တိုက်စစ်မှူးတွေ၊ တောင်ပံကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။ ကွင်းလယ်လူတွေဆိုရင်လည်း အမှတ်ပေးဖလား ရယူထားဖူးသူတွေဖြစ်ကြပြီး ပရီးမီးယားလိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ဆွတ်ခူးဖူးတဲ့အတွေ့အကြုံရှိသူတွေပါ။ ကျွန်တော်တို့မှာလည်း ဒီလိုကစားသမားတွေရှိတယ်ဆိုပေမဲ့ အနည်းအကျဉ်းသာဖြစ်ပြီး အများစုက လူငယ်ကစားသမားတွေပါ။ သူတို့အသင်းတွေလို မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။