အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေသည့် မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက အသင်းအတွက် ရာခိုင်နှုန်း ၁၀၀၀ အထိ အာရုံစိုက်ထားပြီး အတွင်းရေးကိစ္စများမသိပါက ဝင်မပြောရန် တုံ့ပြန်ပြောကြားခဲ့သည်။
မန်ယူအသင်း ချန်ပီယံလိဂ်အုပ်စုအဆင့် မှ မထွက်ရမီ တစ်ရက်အလိုတွင် ပေါ့ဘာ၏ အေးဂျင့်ဖြစ်သူ ရိုင်ယိုလာက မိမိကစားသမားအနေဖြင့် အသင်း၌မပျော်ရွှင်တော့ဘဲ ထွက်ခွာရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ သို့ဖြစ်ရာ ပေါ့ဘာ၏အပြောင်းအရွှေ့သတင်းများ ပြန်လည်ထွက်ပေါ်လာပြီး ပေါင် သန်း ၅၀ ရရှိပါက ဇန်နဝါရီမှာပင် ရောင်းချနိုင်ကြောင်း ခန့်မှန်းသတင်းများထွက်ပေါ်လျက်ရှိသည်။
ယင်းသတင်းများနှင့်ပတ်သက်၍ မန်ချက်စတာဒါဘီပွဲအပြီးတွင် ပေါ့ဘာက “ကျွန်တော် အမြဲတမ်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက်၊ ကျွန်တော့်အသင်းဖော်တွေနဲ့ ပရိသတ်တွေအတွက် အမြဲတမ်း တိုက်ပွဲဝင်သွားမှာပါ။ တခြားအသေးအမွှားကိစ္စတွေက အရေးမကြီးပါဘူး။ အနာဂတ်ဆိုတာက အဝေးကြီးမှာပါ။ ဒီနေ့အကြောင်းက အဓိကကျပါတယ်။ ကျွန်တော်က ရာခိုင်နှုန်း ၁၀၀၀ အထိ နှစ်မြှုပ်ထားတာပါ။ အမြဲတမ်း အတူတကွရပ်တည်သွား မှာပါ။ အသင်းနဲ့ ကျွန်တော့်ကြားမှာ အမြဲတမ်း ရှင်းပါတယ်။ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အတွင်းမှာ ဘာတွေဖြစ်နေလဲဆိုတာမသိရင် ဝင်မပြောပါနဲ့” ဟု Instagram မှတစ်ဆင့် တုံ့ပြန်ပြောကြားသည်။
ပေါ့ဘာ၏စာချုပ်မှာ ၂၀၂၂ ခုနှစ် ဇွန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအား အသင်းဟောင်း ဂျူဗင်တပ်စ်က ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။