မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် နောက်ဆုံးပွဲတွေ အနက် ၊ ပရိသတ်တွေကို ဆွဲဆောင်နိုင်ခဲ့တဲ့ ပွဲအနည်းငယ် ရှိခဲ့ရာ ၊ ဒီအထဲမှာ လက်ရှိ ကမ္ဘာ့ အကောင်းဆုံး စူပါစတား ၂ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ ခရစ်တီယာနို ရော်နယ်ဒို တို့ နူးကမ့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတဲ့ ပွဲကိုတော့ ကမ္ဘာ တလွှားမှ ပရိသတ် အများစု စောင့်ကြည့်ခဲ့ကြပါတယ် ။
ဒီပွဲဟာ အုပ်စု G ရဲ့ ဗိုလ်နေရာ ကို အဆုံးအဖြတ် ပေးတဲ့ ပွဲဖြစ်တဲ့ အတွက် ၊ ၂သင်းလုံး အဓိက ပွဲထွက် ကစားသမား စာရင်းတွေကို အသုံးပြုခဲ့ကြပါတယ် ။ ပထမ အကျော့တုန်းက Juventus Stadium မှာ တွေ့ဆုံခဲ့စဉ် က ဘာစီလိုနာ အသင်း ဟာ ယူဗင်တပ် ကို ၀ – ၂ ရလဒ် နဲ့ အနိုင်ရခဲ့ပါတယ် ။
ဒီတကြိမ်မှာတော့ ဘာကာ တို့ ယူဗင်တပ် ကို ခရစ်တီယာနို ရော်နယ်ဒို ရဲ့ ပင်နယ်တီ သွင်းဂိုး ၂ဂိုး နဲ့ ကွင်းလယ်လူ ဝက်စတန် မက်ကင်နီ ရဲ့ သွင်းဂိုး တဂိုး နဲ့ အတူ ၃ဂိုးပြတ် နဲ့ အရှုံးပေးခဲ့ရကာ ၊ Head-to-Head စည်းမျဉ်း အရ အုပ်စုဗိုလ် နေရာကို ယူဗင်တပ် ဆီသို့ လွှဲပြောင်းပေးခဲ့ရပါတယ် ။
လာလီဂါ မှာ တချိန်တုန်း က ဘာကာ – ရီးရဲလ် အယ်ကလက်စီကို ပွဲတိုင်း ၊ မက်ဆီ – ရော်နယ်ဒို ပြိုင်ဆိုင်မှု က စိတ်လှုပ်ရှားမှု အပြည့် ပေးခဲ့ပေမယ့် ၊ ကစားသမား ဘဝ နေဝင်ချိန် ရောက်လာဖို့ နီးစပ်နေတဲ့ ကာလမှာတော့ ၂ဦးလုံး ဟာ အမုန်း အာဃာတ ထက် ၊ ပရော်ဖက်ရှင်နယ် ဆန်ဆန် နဲ့ ကိုယ်စားပြုတဲ့ အသင်း ၂သင်း အတွက် ကိုယ်စီ တိုက်ပွဲဝင်ခဲ့ကြပါတယ် ။
ထိုပွဲစဉ် အပြီး Movistar သတင်း ဌာန နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ရော်နယ်ဒို က ၎င်း နဲ့ လီယွန်နယ် မက်ဆီ အကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးသာ ရှိခဲ့ပြီး ၊ မက်ဆီ ကိုလည်း ၎င်းဟာ ဘယ်တုန်းကမှ ပြိုင်ဖက် အဖြစ် မမြင်ခဲ့ကြောင်း အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။
ရော်နယ်ဒို က ” ကျွန်တော် ဟာ သူနဲ့ အမြဲ နွေးထွေး ၊ ရင်းနှီးတဲ့ ဆက်ဆံရေးသာ ရှိခဲ့ပါတယ် ။ တနှစ်တခါ ဆုပေးပွဲ ၁၄ ကြိမ် ၊ ၁၅ကြိမ်လောက် သူနဲ့ အတူ တက်ရောက်ခဲ့ဖူးပြီး ၊ သူ့ကို ကျွန်တော် ပြိုင်ဖက် အဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ဖူးပါဘူး ။ သူဟာ သူ့အသင်း အတွက် အမြဲ အကောင်းဆုံး ကြိုးစားသလို ၊ ကျွန်တော်လည်း ထိုနည်း၎င်းပါပဲ ။ “
” သူနဲ့ ကျွန်တော် ဟာ အမြဲတမ်း ဆက်ဆံရေး ကောင်းမြဲ ကောင်းနေဦးမှာပါ ။ ဒါပေမယ့် ဘောလုံး မှာက ကျွန်တော်တို့ အားလုံး သိထားတဲ့ အတိုင်း ၊ ဖျော်ဖြေမှု အတွက် တသင်း နဲ့ တသင်း အကြား ပြိုင်ဆိုင်မှု ဆိုတာ အမြဲ ရှိနေတာပါ ။ ဒါပေမယ့် အပြင် လောက မှာတော့ သူနဲ့ ကျွန်တော့ အကြား အမြဲတမ်း ကောင်းမွန်တဲ့ ဆက်ဆံရေးသာ ရှိခဲ့ပြီး ၊ သူ့ကို ကျွန်တော် အမြဲတမ်း ဒီအတိုင်းပဲ မြင်ထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
မက်ဆီ ဟာ မနေ့ည က ပွဲမှာ ၇ကြိမ် ဂိုးပေါက်ကန်ချက် တည့်ခဲ့ပေမယ့် ၊ ဂိုးမဝင်ခဲ့ပါဘူး ။ ဒါဟာ ၂၀၀၃ – ၂၀၀၄ ဘောလုံး ရာသီ နောက်ပိုင်း ချန်ပီယံလိဂ် သမိုင်း တလျှောက် ကစားသမား တယောက်တည်း က ဂိုးပေါက် တည့်မတ်မှု အကြိမ် အများဆုံး နဲ့ ဂိုးမဝင်တဲ့ မှတ်တမ်း ဖြစ်ခဲ့ပါတယ် ။
ကစားသမား ဘဝ တလျှောက်မှာတော့ မက်ဆီ ဟာ တပွဲ အတွင်း ဂိုးပေါက် တည့်မတ်မှု ၁၁ ကြိမ် နဲ့ ဂိုးမဝင်ခဲ့ဖူးတဲ့ အခိုက်အတန့် အထိ ကြုံခဲ့ဖူူးပါတယ် ။ ရော်နယ်ဒို ကတော့ ဘာစီလိုနာ ကို ၃ဂိုးပြတ် နဲ့ အနိုင်ရခဲ့တာ မှန်ပေမယ့် ၊ သူတို့ဟာ ကြီးကျယ်တဲ့ ဘာစီလိုနာ အသင်း တသင်း အဖြစ် ဆက်ရှိနေဆဲ ဖြစ်ကြောင်း အခုလိုပဲ ပြောဆိုခဲ့ပါတယ် ။
ရော်နယ်ဒို က ” ဘာစီလိုနာ ဟာ ခက်ခဲတဲ့ အချိန် ကာလ တရပ် ကို ဖြတ်သန်းနေတာ မှန်ပေမယ့် ၊ ဘာစီလိုနာ က ဘာစီလိုနာပါပဲ ။ အမှန်အတိုင်း ပြောရရင် ဒီနေ့ ဂိုးပြတ် နိုင်ပွဲ အတွက် ကျွန်တော်တို့ အရမ်း ပျော်ရွှင်နေပါတယ် ။ ဒီနေ့ပွဲ ဟာ လုံးဝနီးပါး မဖြစ်နိုင်တဲ့ တာဝန် တရပ်လိုပါပဲ ။ “
” ခက်ခဲပြီး ရှုပ်ထွေးခဲ့ပေမယ့် ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ။ အဓိက သော့ချက် က ပွဲအစ ကောင်းနိုင်ဖို့ ဖြစ်ပါတယ် ။ စောစောစီးစီးပဲ ကျွန်တော် တို့ဟာ အဖွင့် ဦးဆောင်ဂိုး ၂ဂိုး ရခဲ့လို့ ၊ အဲ့ဒီ အချိန်က စပြီး ၊ ဒါဟာ ဖြစ်နိုင်တယ် ဆိုတာ ယုံကြည်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။