အဲဗာတန် အသင်းရဲ့ တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ တင်မ် ကာဟေးလ် က မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးသစ် ဖြစ်သူ အီဒင်ဆန် ကာဗာနီဟာ အသင်း အပေါ် လျင်မြန်စွာပဲ လွှမ်းမိုး နိုင်စွမ်း ရှိခဲ့ကြောင်း ၊ သူဟာ အသင်းဖော်တွေ ဆီက အခွင့်အရေး ဖန်တီးမှု တွေကိုပဲ လိုအပ်သူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။
အီဒင်ဆန် ကာဗာနီ ဆိုတာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရောက်လာ ကတည်းက ဝေဖန် ခံနေခဲ့ ရပြီး ယူနိုက်တက်တို့ အသက် 33 နှစ် အရွယ် တိုက်စစ် ကစားသမား ဖြစ်သူကို တစ်နှစ် ပေါင် 10 သန်း ဝန်းကျင် ပေးချေမယ်ဆိုတဲ့ စာချုပ် ချုပ်ဆိုမှုအပေါ် မကောင်းမြင်သူ များပြားခဲ့ကြ ပါတယ် ။
အခြား တစ်ဖက် မှာတော့ သူဟာ တိုက်စစ်မှူးဟောင်း ဇလာတန် အီဗရာဟီမိုဗစ်လို မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အပေါင်း လက္ခဏာ ဆောင်ကျဉ်းတဲ့ အကျိုး သက်ရောက်မှု တွေကို အမြန်ဆုံး လုပ်ဆောင် ပေးနိုင်ပါ့ မလား ဆိုပြီး မေးခွန်း ထုတ်သူ တွေလည်း များခဲ့ကြ ပါတယ် ။
အခုတော့ ကာဗာနီဟာ ယူနိုက်တက် အသင်း အတွက် ပုံစံကောင်း တွေကို ဆက်တိုက် ဆိုသလို ပြသ နေခဲ့တဲ့ အတွက် ချီးကျူးမှုတွေ များပြား နေခဲ့ရ ပါပြီ ။ အခုတော့ တင် ကာဟေးလ် ကလည်း ဆောက်သမ်တန် နဲ့ ပွဲစဉ်မှ ကာဗာနီ ရဲ့ အရည်အသွေး တွေကို ဖွင့်ဟရင်း ချီးကျူး စကားတွေ ဆိုသွား ခဲ့လိုက် ပါတယ် ။
” သူ (ကာဗာနီ) ဟာ အဆုံးသတ် စွမ်းရည် ကောင်းမွန်လွန်းတဲ့ တိုက်စစ်မှူး တစ်ဦးပါ ။ သူဟာ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်မှာ တုန်းက တစ်ဂိုး ဖန်တီး၊ နှစ်ဂိုး သွင်းယူရင်း၊ ယူနိုက်တက်တို့ လိုအပ် နေတဲ့ အရာ တွေကို ပေးဆောင်ရင်း ပွဲ အဖြေကို ရုတ်ချည်း ပြောင်းလဲ ပေးသွား နိုင်ခဲ့ ပါတယ် ”
” သူဟာ ကြီးမားတဲ့ အကျိုး သက်ရောက်မှု တွေကို လုပ်ဆောင် ပေးစွမ်းနိုင်တဲ့ ကစားသမား တစ်ယောက်ပါ ။ သူဟာ ပင်ကိုယ် ပါရမီ ကောင်းမွန်သူ တစ်ဦးပါ ။ ဒါပေမယ့် အမြဲတမ်း တစ်ချက်ကန် ၊ နှစ်ချက်ကန်ရုံနဲ့တော့ ဂိုးမရနိုင်ဘူးပေါ့ဗျာ ။ သူက ဂိုးပေါက် အရှေ့မှာ အခွင့်အရေး လွဲချော် သွားရင်တော့ နောက်ထပ် ကန်သွင်းမှု တွေကို လုပ်ဆောင်ဖို့ အသင့်ရှိနေသူ ပါပဲ ”
” သူဟာ အမြဲတမ်း တက်ကြွ နေတတ်သူပါ ။ တုန့်ပြန်ဖို့ လိုအပ်မှ တက်ကြွပြသူ မဟုတ်ပါဘူး ။ ကျွန်တော် ကတော့ သူ့ရဲ့ ရှပ်ထိ သွားတဲ့ ခေါင်းတိုက်ချက်ကို ကြိုက်ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့ လျင်မြန်စွာ ပြေးလွှားမှု နဲ့ ဘောလုံး ရှပ်ထိမှုတွေက ကို့ရို့ကားယား နိုင်လို့ ပါပဲ ”
” ခေါင်းတိုက်ပြီးတဲ့နောက် သူက ဂိုးပေါက်ကို လှည့်ကြည့်ဖို့ မလိုအပ်ခဲ့ ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဘယ်မှာလဲ ၊ ဘယ်လို တိုက်မိသွားသလဲ ဆိုတာကို ကောင်းကောင်း သိနေခဲ့လို့ပါပဲ ။ အဲ့တာတွေ မတိုင်ခင် ကတည်းက သူဟာ ကောင်းမွန်တဲ့ ပွဲစဉ် အချို့ကို ပိုင်ဆိုင်ခဲ့ပါ သေးတယ် ”
” သူဟာ အန္တရာယ် ပေးနိုင်တယ် ဆိုတာကို ကျွန်တော်တို့ မြင်တွေ့ နိုင်ပါတယ် ။ သူဟာ အသင်းဖော် တွေရဲ့ ထောက်ပံ့ပေးမှု တွေကိုသာ လိုအပ်နေသူ တစ်ဦးပါပဲ ။ သူဟာ ယူနိုက်တက် အသင်းဆီ ရောက်လာခဲ့တဲ့နောက် လွှမ်းမိုးနိုင်မှု အရမ်း မြန်ဆန် နေခဲ့တာ အားလုံး အမြင် ပါပဲ ”
” သူဟာ အသက်ကြီးနေပြီ ဖြစ်တာတောင် ခံစစ်ကစားသမား တွေက သူ့ကို နေရာလွတ် မပေးပဲ သတိထား ကစားနေခဲ့ကြပါတယ် ။ ဒါက သူဟာ ဘာတွေလုပ်ခဲ့သလဲ ဆိုတာနဲ့ အခု ဘာတွေကို လုပ်ပြ နိုင်သေးလဲ ဆိုတာကို ပေါ်လွင်စေတယ်လို့ ကျွန်တော် ထင်ပါတယ် ။ သူဟာ အသင်း အပေါ် အကြီးကြီး လွှမ်းမိုး နိုင်စွမ်း ရှိတဲ့ တိုက်စစ်မှူး တစ်ယောက်ပါ ” လို့ တင်မ် ကာဟေးလ် က သုံးစပ် ပြောကြား သွားခဲ့လိုက် ပါတယ် ။