ပရီးမီးယားလိဂ်မှာ ရှိနေတဲ့ ကလပ် အသင်းပိုင်ရှင် အမေရိကန် သူဌေးတွေ ထဲမှာ ပရိသတ်တွေ ရဲ့ မေတ္တာကို ပြန်လည် ခံစားရရှိဆုံး သူတွေကတော့ လီဗာပူး ပိုင်ရှင် FSG ပဲ ဖြစ်မှာပါ။
သူတို့ဟာ အသင်းကို လွှဲပြောင်း ရယူပြီး နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ဖြစ်အောင် တည်ဆောက်ပြခဲ့သလို ၊ အခြေခံ အဆောက်အဦး တည်ထောင်ခြင်း လုပ်ငန်းတွေမှာလဲ အဆက်မပြတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။
2016 ခုနှစ် ဝန်းကျင်က Main Stand တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းတွေကို စတင်အကောင်အထည် ဖော်ဆောင်ခဲ့ပြီး ၊ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာလဲ AXA လေ့ကျင့်ရေး စင်တာသစ်ကြီးကို ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မနေ့ညကတော့ Anfield Road Stand ပွဲကြည့်စင် တိုးချဲ့ တည်ဆောက်ဖို့ အဆိုပြုလွှာကို မြို့တော် ကောင်စီထံ တရားဝင် တင်သွင်းလိုက်ပြီ ဖြစ်ကြောင်း ကလပ်အသင်းက ကြေငြာချက် ထုတ်ပြန်သွားခဲ့ပါတယ်။
တကယ်တော့ အခုလို တင်သွင်းဖို့ စီစဉ်ခဲ့တာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတည်းက ဖြစ်ပေမယ့် ၊ ဗိုင်းရပ် ကိစ္စတွေ ပေါ်ပေါက်လာခဲ့တဲ့ အတွက် ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
အခု စီမံကိန်းမှာ Anfield Road Stand ပွဲကြည့်စင် ကို နောက်ထပ် ပရိသတ် 7000 အထိ ဝင်ရောက် ကြည့်ရှုခွင့် ပေးနိုင်အောင် တိုးချဲ့ ဆောက်လုပ်သွားမှာ ဖြစ်တာကြောင့် ၊ ကွင်းကြီး ရဲ့ ပရိသတ် ဝင်ဆံ့မှု ဦးရေဟာ စုစုပေါင်း 61000 အထိ ရှိလာမှာ ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ အခြား ပွဲတော်ကြီးတွေ ၊ ဂီတ ဖျော်ဖြေပွဲတွေကိုပါ အမြဲတမ်း လက်ခံ ကျင်းပပေးနိုင်မယ့် ခွင့်ပြုချက်မျိုးကိုပါ ပေးအပ်ဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တောင်းဆိုထားပါတယ်။
Anfield Road Stand တိုးချဲ့မယ့် အစီအစဉ် ကို အဆင့် 2 ဆင့် သတ်မှတ်ကာ ချဉ်းကပ် လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ မူလ အခြေတည် ခဲ့တာက 2014 ခုနှစ်က ဖြစ်ပြီး ၊ ဘယ်လို အကောင်အထည်ဖော် လုပ်ဆောင်သင့်တယ် ဆိုတဲ့ အသံတွေကို နားစွင့်ကာ ၊ စီမံကိန်း ကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
2020 ဖေဖော်ဝါရီ လ အတွင်းမှာတော့ ဒုတိယ အဆင့်အနေနဲ့ ကလပ်ဟာ အဲဒီ ပွဲကြည့်စင် ဘက်အခြမ်းမှာ ရှိတဲ့ လူနေအိမ်တွေ ၊ လမ်း အသုံးပြုမှု ဆိုင်ရာ ခွင့်ပြုချက်တွေ ကို သေချာတိုင်ပင်ပြီး ၊ ရေးဆွဲထားတဲ့ စီမံကိန်း အတွက် ပြင်ဆင်သင့်တဲ့ အကြောင်းအရာတွေကို ပြန်လည် ပြင်ဆင်ခဲ့ကာ ၊ မြို့တော် ကောင်စီထံ တရားဝင် တင်သွင်းလိုက်တာ ဖြစ်ပါတယ်။
အသင်းရဲ့ အလုပ်အမှုဆောင်ချုပ် ဖြစ်တဲ့ အန်ဒီ ဟုချ် ကတော့ – “ ဒီစီမံကိန်းကြီးကို စတင် လုပ်ဆောင်တော့မယ် လို့ ကြံရွယ်ခဲ့ ကတည်းက ကျနော်တို့ဟာ အခြေခံ အချက် 3 ချက်ကို ဆွဲကိုင်ကာ စဉ်းစားခဲ့ပါတယ်။ အဲဒါတွေကတော့ Financial , Viability , Sustainability တွေပါ။
စီမံကိန်း တစ်ခုလုံးဟာ ဒေသခံ အိမ်ထောင်စုတွေ ရဲ့ ထောက်ခံချက် အပြည့်နဲ့ ရေးဆွဲခဲ့တာပါ။ ပါဝင် အကြံပေးခဲ့ကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီ အားလုံးကိုလဲ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။
တစ်ဆက်တည်းမှာ အခု စီမံကိန်းကြောင့် ဒေသခံတွေ ရဲ့ စီးပွားရေးတွေ အပေါ် တစ်ဖက်တလမ်းကနေ အထောက်အကူ ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။
လီဗာပူးဟာ ဘက်ကတော့ ဒီ Project အတွက် တရားဝင် ဆုံးဖြတ်ချက်ကို 2021 ခုနှစ် ဆောင်းဦးရာသီ အရောက်မှာ ပေါ်ထွက်လာလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။
အကယ်၍ စီမံကိန်းသာ အကောင်အထည် အကောင်အထည် ဖော်ဖြစ်ခဲ့မယ် ဆိုရင် အသင်းရဲ့ Match Day ဝင်ငွေက သိသိသာသာ တိုးတက်လာမှာ ဖြစ်လို့ ၊ ကလပ် စီးပွားရေးကလဲ လက်ရှိ အနေအထားထက် ပိုပြီး ခိုင်မာလာဖွယ် ရှိနေပါတယ်။