မိုက်ကယ်အိုဝင် နဲ့ ရီယိုဖာဒီနန် တို့ဟာ လီဗာပူး အသင်းရဲ့ ပထမဦးစားပေး ပွဲထွက် ကစားသမား နေရာမှာ ရော်ဘတ်တိုဖာမီနို ကို ကစားသမားသစ် ဒီယေဂိုဂျိုတာက ခြိမ်းခြောက် နေတဲ့ အပေါ် ဆွေးနွေမှု ပြုလုပ်ရာမှာ အနည်းငယ် အမြင် ကွဲပြားခဲ့ကြပါတယ်။ ဖာမီနိုဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က ဟော့ဖန်ဟိုင်းမှ လီဗာပူးကို ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ သာမကဘဲ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား တို့လိုမျိုး ဂိုးတွေ သွင်းယူ နိုင်ခဲ့ခြင်း မရှိမှုကြောင့် ဖာမီနိုဟာ ပြီးခဲ့တဲ့ ရာသီတွေ အတွင်း pundits တွေ ၊ ပရိတ်သတ်တွေရဲ့ ထောက်ပြမှုကို ခံခဲ့ရပြီး ဂျိုတာ ရောက်လာခဲ့ပြီးနောက် မှာတော့ ပိုမို အနီးကပ် စောင့်ကြည့်မှုတွေ ခံလာခဲ့ရပါတယ်။
အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီ စတားဟာ ဒီရာသီ လီဗာပူး အတွက် ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ်မှာ စုစုပေါင်း ၈ ဂိုး သွင်းယူ ထားခဲ့ပြီး ဖာမီနို ကတော့ သွင်းဂိုး ၂ ဂိုးသာ ရထားခဲ့ပါတယ်။ မိုက်ကယ်အိုဝင်က ယာဂန်ကလော့ အနေနဲ့ လီဗာပူးရဲ့ ပွဲထွက်ကစားသမား စာရင်းမှာ ဖာမီနိုကို ကျော်ကာ ဂျိုတာကို နေရာပေးသင့်တယ်လို့ အကြံပြု သွားခဲ့ပါတယ်။
မိုက်ကယ်အိုဝင်က ”ကျွန်တော်ကတော့ ဖာမီနိုဟာ သူ့ရဲ့ ပွဲထွက်ကစားသမား နေရာကို ကြီးကြီးမားမား ခြိမ်းခြောက် ခံနေရပြီလို့ ထင်ပါတယ်။ ဂျိူတာဟာ ဒီလောက် ကောင်းနေမယ် ဆိုတာကို ဘယ်သူမှ ဒီလို မထင်ထားခဲ့ပါဘူး။ ကျွန်တော့်ကိုလည်း အံ့အားသင့်စေ ခဲ့ပါတယ်။ ကျွန်တော် သူ့ကို ဝုဖ်မှာ ကစားစဥ် ကတည်းက နှစ်သက် ခဲ့တာပါ။ ဒါပေမယ့် ရုတ်တရက် ဆိုသလို သူ့ရဲ့ အခု ကစားပုံကို ကြည့်လိုက်ပါ။ သူဟာ မသိရင် လီဗာပူး အသင်းမှာ မွေးဖွားခဲ့တဲ့ သူလိုပါပဲ။
သူဟာ ကျွန်တော် ထင်ထားတာထက်ကို လျှင်မြန်စွာ အထိုင်ကျ ခဲ့ပါတယ်။ သူ့ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ၊ တိုင်ပင်ကိုက် ပြေးလွှားပုံ ၊ ချိတ်ဆက် ကစားပုံတွေ ကောင်းတယ် ဆိုတာ ကျွန်တော် သိထား ခဲ့ပြီးသားပါ။ သူဟာ တိုက်စစ်က ဘယ်နေရာမှာ မဆို ကစားပေး နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသ ထားခဲ့ပါတယ်။
ဒီတိုက်စစ်မှုးတွေနဲ့ ပက်သက်ပြီး ကောင်းတဲ့ အရာ ကတော့ သူတို့ အားလုံးဟာ ဂိုးပေါက်ကို ကျော်ပေးပြီး ကစား နိုင်ကြပါတယ်။ မာနေး နဲ့ ဆာလား တို့ဟာ နွားထီးတွေလို သန်မာ ကြပါတယ်။ သူတို့ဟာ ပြိုင်ဘက်ကို တိုက်ရိုက် ထိုးဖောက်မှုတွေနဲ့ ဒုက္ခပေးကြတဲ့ အပြင် သူတို့ဟာ ပြီးပြည့်စုံတဲ့ တိုက်စစ်မှုးတွေလို့ ဆိုနိုင်ပါတယ်။
ဒါပေမယ့် ဂျိုတာဟာ လီဗာပူးမှာ သာသာယာယာနဲ့ အံဝင်အောင် ကစား နိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ကို ပွဲထွက်ကစားသမားမှာ အသုံးပြု သင့်တယ်လို့ ထင်ပါတယ်။ အကယ်၌ မနက်ဖြန်မှာ ချန်ပီယံလိဂ်ဖိုင်နယ် ကစား သွားရမယ်ဆိုရင် ဂျိုတာကို ပွဲထွက် စာရင်းမှာ ချန်ထားပစ်ဖို့ မဖြစ်နိုင်ပါဘူး။” လို့ ဆိုသွားပါတယ်။
မန်ယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ဂျိုတာဟာ ဒီအချိန်မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းယူ နေပေမယ့်လည်း ဖာမီနိုဟာ လီဗာပူး အတွက် အရေးပါတဲ့ ကစားသမား အဖြစ် ရှိနေဆဲလို့ ယုံကြည် နေပါတယ်။
ဒါပေမယ့်လည်း ဖာဒီနန် က ”ဖာမီနိုနဲ့ ပက်သက်ပြီး ဘယ်သူမှ အနုတ်လက္ခဏာဆောင်တဲ့ အရာတွေ ပြောလို့ မရနိုင်ပါဘူး။ သူဟာ မာနေး နဲ့ ဆာလား တို့လို ဂိုးတွေ မသွင်းယူ နိုင်ဘူးဆိုရင်တောင် သူ့ကို ဒီလို ပြောလို့ မရဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒီအသင်းမှာ သူ့ရဲ့ အရေးပါမှုဟာ အဖိုးဖြတ်လို့ မရပါဘူး။ သူ့ရဲ့ ဘောလုံး ကိုင်ကစားပုံတွေ ၊ အသင်းဖော်တွေကို ကစားကွက်ထဲ ပါလာအောင် ဆွဲခေါ်မှုတွေဟာ တော်ရုံလူ မလုပ်နိုင်ပါဘူး။
သူဟာ ဗဟိုခံစစ် ကစားသမားတွေကို လူကပ် ကစားရမလား နောက်မှာပဲ နေရမလား ဆိုတဲ့ နေရာတွေကို ဝင်ရောက် ကစားကာ မေးခွန်းတွေ ထုတ်လေ့ ရှိသူပါ။ ဒီလို လုပ်လို့ ဘာတွေ ဖြစ်လာသလဲ? ဒါဟာ ခံစစ်မှာ နေရာလွတ်တွေ ဖြစ်ပေါ်စေပြီး မာနေး နဲ့ ဆာလား တို့ဟာ ဒီနေရာလွတ်တွေကို အသုံးချကာ ဂိုးတွေ သွင်းယူကြတာ ဖြစ်ပါတယ်။ ဂျိုတာကတော့ ဒီနှစ်ခုစလုံးကို လုပ်နိုင်ပါတယ်။ တိုက်စစ်ကစားသမား ၄ ဦးစလုံးဟာ front three မှာ သက်တောင့်သက်သာ နဲ့ ကစားနိုင်စွမ်း ရှိကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။