လီဗာပူး စတား အန်ဒီရောဘတ်ဆန်က ချဲလ်ဆီး ၊ တော့တင်ဟမ် နဲ့ လက်စတာ တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို စိန်ခေါ် နိုင်စွမ်း ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။ လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဖီးမှာ လက်စတာကို ၃-၀ နဲ့ အနိုင် ရရှိ ခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်မှာ ဦးဆောင်နေတဲ့ တော့တင်ဟမ်နဲ့ အမှတ်တူ ဂိုးကွာခြားချက် အရ အဆင့် ၂ နေရာကို တက်လှမ်း လာခဲ့ပါတယ်။
ဂျိုဆေးမော်ရင်ညိုရဲ့ တော့တင်ဟမ် ကလည်း ဒီရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ အဲဗာတန်ကို ရှုံးနိမ့် ခဲ့ပေမယ့်လည်း နောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိ ခဲ့ဘဲ နောက်ဆုံး ပွဲစဉ်မှာ မန်စီးတီးကို ၂-၀ နဲ့ အနိုင် ရခဲ့ပြီးနောက် အမှတ်ပေးဇယား ထိပ်ကို တက်လာ ခဲ့တာ ဖြစ်ပါတယ်။
လက်စတာဟာ တနင်္ဂနွေနေ့က လီဗာပူးကို ရှုံးနိမ့် ခဲ့ပေမယ့်လည်း အဆိုပါ ပွဲစဉ် မတိုင်မီ အဝေးကွင်းမှာ ၄ ပွဲဆက် အနိုင် ရရှိ ထားခဲ့တဲ့ အသင်း ဖြစ်ပြီး ဒီအသင်းတွေ ထဲမှာ မန်စီးတီး ၊ အာဆင်နယ် ၊ လိဒ် တို့ ပါ၀င် နေတာကြောင့် ဘရန်ဒန်ရော်ဂျာရဲ့ အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ် နိုင်စွမ်း ရှိနေတယ်လို့ ယူဆ နေကြပါတယ်။
ချဲလ်ဆီး ကလည်း နယူးကာဆယ်ကို စနေနေ့က ၂-၀ နဲ့ အနိုင် ရရှိခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာကို တက်လာခဲ့တဲ့ အပြင် ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ပုံစံကောင်းကို ဆက်တိုက် ပြသနေပါတယ်။ ဒါ့ကြောင့်လည်း ဒီရာသီ ပရီးမီးယားလိဂ် title race ဟာ ပြီးခဲ့တဲ့ ရာသီတွေ ကလို မန်စီးတီး နဲ့ လီဗာပူး တို့သာ အဓိက ပြိုင်ဆိုင် ရမယ့် ပြိုင်ပွဲ တစ်ခု မဟုတ်နိုင်ဘဲ အသင်း တော်တော်များများ ပြိုင်ဆိုင် သွားရနိုင်တယ်လို့ သုံးသပ် နေကြပါတယ်။
ရောဘတ်ဆန်က “ကျွန်တော်တို့ ဒီရာသီ အမှတ် ဘယ်လောက် ရမှ ဆိုပြီး target သတ်မှတ် ထားခြင်း မရှိပါဘူး။ ဒါပေမယ့် နောက်တစ်ကြိမ် ၉၉ မှတ် ရရှိ ခဲ့မယ် ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် ဒီရာသီမှာ ပိုပြီး ခက်ခဲ ကြမ်းတမ်းကာ ပြိုင်ဆိုင်မှု ပြင်းထန် နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အသင်းတွေဟာ တိုးတက် လာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ခင်ဗျားတို့ တော့တင်ဟမ်ကို ကြည့်လိုက်ပါ။ လက်စတာကို ကြည့်လိုက်ပါ။ ချဲလ်ဆီးကို ကြည့်လိုက်ပါ။ သူတို့ အားလုံးဟာ အများကြီး တိုးတက် လာခဲ့ပါတယ်။ ဒီအသင်း တွေဟာ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို ကောင်းကောင်း စိန်ခေါ် နိုင်စွမ်း ရှိကြပါတယ်။” လို့ ဆိုလိုက်ပါတယ်။
လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ တစ်ကောင်တည်း ပြေးတဲ့ မြင်းအဖြစ်နဲ့ အပြတ်အသတ် လွှမ်းမိုး နိုင်ခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလားကို လက်ကျန် ၇ ပွဲ အလိုမှာတင် ဗိုလ်စွဲ နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ရောဘတ်ဆန်က “၂၀၂၀ ခုနှစ်ကို ပြန်ကြည့်လိုက်တဲ့ အခါမှာ ကျွန်တော်တို့ အတွက် အရမ်း ကောင်းတဲ့ အမှတ်တရတွေ ရှိခဲ့ပါတယ်။ ဒီလို ကြီးကြယ်တဲ့ ကလပ်နဲ့ နှစ်ပေါင်း ၃၀ အတွင်း ပထမဦးဆုံး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင် ခဲ့တာဟာ တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်ဟာ စကော့တလန် လက်ရွေးစင် အသင်းရဲ့ ၂၃ နှစ်ကြာ ပြိုင်ပွဲကြီးနဲ့ ဝေးကွာ နေခဲ့ရမှုကိုလည်း အဆုံးသတ် နိုင်အောင် ကူညီ ပေးခဲ့ပါတယ်။
ပွဲစဉ် တစ်ပွဲ အပြီးမှာ ကျွန်တော် ဒီလောက် စိတ်ခံစားချက် ပြင်းထန် ခဲ့တာကို မကြုံဖူးခဲ့ပါဘူး။ ကျွန်တော် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံ ၊ ကစားသမားတွေ နဲ့ ပရိတ်သတ်တွေဟာ ခက်ခဲတဲ့ ကာလတွေကို အများကြီး ကျော်ဖြတ် ခဲ့ရပြီး ဒီလို ပြိုင်ပွဲကြီးဆီ ရောက်ဖို့ အတွက် ကာလရှည်ကြာ စောင့်ဆိုင်း ခဲ့ရတာပါ။
အခု ဒီရာသီ လီဗာပူး အသင်း မှာလည်း ကျွန်တော်တို့ဟာ ဒဏ်ရာ ပြသနာတွေ များစွာနဲ့ ရင်ဆိုင် နေခဲ့ရပါတယ်။ တစ်ချို့ ဒဏ်ရာတွေဟာ တကယ့်ကို ဆိုးရွားတဲ့ ကာလရှည် ဒဏ်ရာ ပြသနာတွေ ဖြစ်ပါတယ်။ ဒါဟာ ကံမကောင်းတာ ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်း ရှိနေပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ အားလုံးကို ဒီလို အချိန်မှာ အထူး လိုအပ်လို့ပါ။” လို့ ပြောလိုက်ပါတယ်။