ချဲလ်ဆီး အသင်း ဟာ ယနေ့ည မှာ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် တပွဲ အဖြစ် ၊ လီဂူးဝမ်း ကလပ် ရန်းနက်စ် အသင်း ကို ပြင်သစ်မြေ မှာ သွားရောက် ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်း ဟာ ဒီပွဲ ပြီးတာနဲ့ လန်ဒန် မြို့ခံ ပြိုင်ဖက် တော့တင်ဟမ် အသင်း ကို လာမယ့် တနင်္ဂနွေနေ့ည ၊ စတမ်းဖို့ဒ်ဘရစ်ချ် မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ် ။
ဆရာဟောင်း ဖြစ်တဲ့ ဟိုဆေး မော်ရင်ဟို ကို အနိုင်ရဖို့ ဆိုတာ ချဲလ်ဆီး မန်နေဂျာ ဖရန့် လမ်းပတ် အတွက် အလိုလားဆုံး ဆန္ဒ တွေထဲက တခု ဖြစ်လာနိုင်ပေမယ့် ၊ ယနေ့ည ထိပ်တိုက် ရင်ဆိုင်ရမယ့် ရန်းနက်စ် အသင်း ကို အနိုင်ယူပြီး ၊ ၁၆ သင်း အဆင့် ကို ခြေတဖက်လှမ်းနိုင်မယ့် အခွင့်အရေး ကိုတော့ လက်လွှတ် ဆုံးရှုံးခံလို့ မဖြစ်ပါဘူး ။
လောလောဆယ် မှာ ချဲလ်ဆီး အသင်း ဟာ ချန်ပီယံလိဂ် အုပ်စု E မှာ ၃ပွဲ ကစား ၊ ၂ပွဲနိုင် ၊ ၁ပွဲသရေ ရလဒ် ကို ပိုင်ဆိုင်ထားပြီး ၊ ပေးဂိုး တဂိုးမှ မရှိခဲ့ကာ ၊ ဂိုးကွာခြားချက် ၇ဂိုး နဲ့ အုပ်စုဗိုလ် နေရာမှာ ရှိနေပါတယ် ။
ဒီနေ့ည ပွဲကို ချဲလ်ဆီး အသင်းရော ၊ အုပ်စု ဒုတိယ နေရာ က ဆီဗီးလား အသင်းပါ အနိုင်ရခဲ့မယ် ဆိုရင် ၁၆ သင်း အဆင့် ကို ၂သင်းလုံး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားဖို့ ရှိပါတယ် ။ မကြာခင်မှာ ကြုံတွေ့လာရမယ့် ခရစ်စမတ် နဲ့ ဘောင်ဆင်ဒေး ပွဲကြပ်ကာလတွေ အတွက် ဖရန့် လမ်းပတ် ဟာ ဒီပွဲကို စောစောစီးစီး အနိုင်ကစားဖို့ ကြိုးစားမှာ ဖြစ်ပါတယ် ။
တဖက်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ချိန်ရွယ်ချင်တယ် ဆိုရင်တော့ ချဲလ်ဆီး အသင်း ဟာ လာမယ့် တနင်္ဂနွေနေ့မှာ တော့တင်ဟမ် ကို ကျော်ဖြတ်ပြီး ၊ လီဗာပူး ကို တပ်လှန့်ပြနိုင်ဖို့ လိုနေပါတယ် ။ မော်ရင်ဟို နဲ့ အရေးကြီး ပွဲစဉ် တပွဲမှာ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေပေမယ့် ၊ ဒါဟာ ၎င်းအဖို့ ယနေ့ည ပွဲပြင်ဆင်မှု အပေါ် အနှောင့်အယှက် ဖြစ်လာမှာ မဟုတ်ကြောင်း လမ်းပတ် က အခုလိုပဲ တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။
ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ လမ်းပတ် က ” ကျွန်တော် ဟာ ရန်းနက်စ် အသင်း နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲစဉ် အပေါ် အပြည့်အဝ အာရုံစိုက်နေပါတယ် ။ ဘာလို့လဲ ဆိုတော့ အရင် တခေါက် စတမ်းဖို့ဒ်ဘရစ်ချ် မှာ ၁၀ယောက်တည်း နဲ့ ဒုတိယပိုင်း တပိုင်းလုံး ကစားခဲ့တဲ့ သူတို့ အသင်း ရဲ့ ကစားပုံ နဲ့ အဆင့်အတန်း ကို ကျွန်တော် အထူး လေးစားလို့ပါ ။ “
” လူတိုင်း ပြောနေကြတာ က ကျွန်တော် တို့သာ ဒီ ပွဲစဉ် ကို အနိုင်ရခဲ့မယ် ဆိုရင် ၁၆ သင်း အဆင့် ကို တက်ရောက်မယ် ဆိုတာပါ ။ အကယ်၍ ဒီပွဲမှာသာ ကျွန်တော်တို့ တခုခု မှားခဲ့မယ် ဆိုရင် လာမယ့် အုပ်စု လက်ကျန် ၂ပွဲက ခင်ဗျား ကို အကြီးအကျယ် အခက်တွေ့စေမှာပါ ။ ဘာလို့လဲ ဆိုတော့ နောက်တပွဲ က ဆီဗီးလား နဲ့ အဝေးကွင်းမှာ ရင်ဆိုင်ရမယ့် အတွက်ကြောင့်ပါ ။ “
” ဒီတော့ အဝေးကြီးလိုသေးတဲ့ တော့တင်ဟမ် နဲ့ ပွဲအကြောင်း ကျွန်တော် တွေးပူနေမှာ မဟုတ်ပါဘူး ။ ကျွန်တော် ဟာ ရန်းနက်စ် နဲ့ ပွဲမှာ ရလဒ်ကောင်း ထွက်ဖို့ကိုပဲ တန်ဖိုးထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
တဖက်မှာ ချဲလ်ဆီး အသင်း ဟာ ဒီပွဲပြီးတာ နဲ့ တော့တင်ဟမ် နဲ့ ပွဲအတွက် ပြင်ဆင်ချိန် နောက်ထပ် ၄ ၊ ၅ရက် ရမှာ ဖြစ်ပေမယ့် ၊ တော့တင်ဟမ် အသင်း ကတော့ ကြာသပတေးညမှာမှ ကစားရမယ့် ယူရိုပါလိဂ် ပွဲကြောင့် ပြင်ဆင်ချိန် ပိုနည်းနိုင်တယ် လို့ ဆိုရမှာ ဖြစ်ပါတယ် ။
ဒီ အကြောင်း နဲ့ ပတ်သက်ပြီး လမ်းပတ် က ” ဟုတ်ပါတယ် ။ ဒီကာလမှာတော့ ပွဲစဉ် ဇယား တွေက အမြဲ ရှုပ်ထွေးနေကြပါ ။ ဒီတော့ ကျွန်တော့ အနေနဲ့ ပွဲဆက် ကစားနေရတာ ကို ထိုင်ပြီး ဘုပြောပြောနေလို့ ဘာမှ မထူးပါဘူး ။ ဒီ တပတ် မှာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ ။ “
” ကျွန်တော်တို့ဟာ အရမ်း ခက်ခဲတဲ့ ချန်ပီယံလိဂ် ပွဲတပွဲ ကို ဆင်နွှဲရမှာ ဖြစ်ပေမယ့် ၊ ဟိုဆေး ကတော့ ယူရိုပါလိဂ် ပွဲအတွက် ဘယ်လို ပွဲထွက် စာရင်း ကို အသုံးပြုမှာလဲ ဆိုတာ ကျွန်တော်လည်း သေသေချာချာ မသိနိုင်ပါဘူး ။ သူ့မှာ တောင့်တင်းတဲ့ ကစားသမား အင်အား ရှိနေလို့ ၊ ပွဲထွက် စာရင်း ကို အပြောင်းအလဲ ကောင်းကောင်း လုပ်လို့ ရပါတယ် ။ “
” နောက်ပြီး တော့တင်ဟမ် အသင်း ဟာ သူတို့ အုပ်စု အတွင်းမှာ အခြေအနေ ကောင်းနေပါတယ် ။ ဒီတော့ သူတို့ဟာ လာမယ့် တနင်္ဂနွေနေ့ ပွဲအတွက် နားရက် ၃ရက်လောက် ရမှာပါ ။ အကယ်၍ ခင်ဗျား ဟာ လန်ဒန် ဒါဘီ ပွဲကို လန်းဆန်း တက်ကြွစွာ ဝင်ရောက် ကစားဖို့ အသင့် မဖြစ်ဘူး ဆိုရင်တော့ ဒီ ပြိုင်ပွဲမှာ ဆက်ရှိမနေသင့်တော့ပါဘူး ။ “
” ၂သင်းလုံး ပွဲဆက် ကစားနေရတာပါ ။ ဒီတော့ ကြားရက်ပွဲတွေ ကို ကျွန်တော်တို့ ဆက်လက် စောင့်ကြည့်ကြတာပေါ့ ။ ဟိုဆေး ကတော့ ယူရိုပါလိဂ် ပွဲအတွက် လူချန် ကစားဖို့ များတယ် လို့ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ ကတော့ မနက်ဖြန် ပွဲမှာ ဘာလုပ်ပြမလဲ ဆိုတာ စောင့်ကြည့်တာပေါ့ ။ ” လို့ ပြောကြားခဲ့ပါတယ် ။