လိဒ်စ် ၀-၀ အာဆင်နယ်
နိုင်ပွဲရသင့်တဲ့ အခွင့်အရေးတွေတော့ နှစ်သင်းစလုံးရခဲ့ကြတယ်။ ဒါပေမဲ့ လိဒ်စ်က နိုင်ပွဲနဲ့ ပိုထိုက်တန်ခဲ့တယ်။ အာဆင်နယ်ကစားတာ မဆိုးပါဘူး။ ဒါပေမဲ့ ကောင်းတယ်လို့ ပြောရလောက်တဲ့ ကစားကွက်၊ ဖန်တီးမှုတွေ မတွေ့ရဘဲ ခံစစ်ပိုင်းကျစ်လျစ်မှု၊ လုပ်အားနှုန်းသီးသန့်သာ အသုံးဝင်တဲ့ ကွင်းလယ်တွေကိုသာ တွေ့ရတယ်။ တစ်သင်းလုံးမှာ ဘယ်သူတွေ အကောင်းဆုံးလဲဆိုရင် ဂိုးသမား၊ ခံစစ်ညာခြမ်း၊ ခံစစ်အတွင်းလူ၊ ခံစစ်အစွန်လူတွေသာဖြစ်ပြီး သူတို့အပြင်ဆိုရင် ကွင်းလယ်ခံစစ်တွေ အလှည့်ကျလာမှာဖြစ်တယ်။
အူဘာမီယန်းက စာချုပ်သက်တမ်းတိုးပြီးကတည်းက ဂိုးပေါက်ပျောက်နေပြီး တိုက်စစ်ကလည်း အူဘာမီယန်းကို ဘယ်သူနဲ့တွဲပေးပေး အဆင်မပြေဘူးဖြစ်နေတယ်။ ပေပေကစားလည်း အားမကိုးရ၊ ဝီလီယံလည်း ထုံးစံအတိုင်း အစပိုင်းလှုပ်တယ်၊ နောက်ပိုင်းရပ်သွားတယ်။ ဝဲလက်ခ်၊ ဆာကာ၊ ရီးစ်နယ်လ်ဆင်တို့လည်း ဘယ်သူ့ကို သုံးသုံး အားမကိုးရ။ အထူးသဖြင့် ဒီရာသီမှာ ဆာကာက ခံစစ်ကို ပိုကူညီရပြီး ဖန်တီးမှုတွေပျောက်သွားတာ ဆိုးပါတယ်။
လိဒ်စ်က အာဆင်နယ်ကို အသာစီးက ကစားခဲ့သလို၊ ပေပေထွက်သွားပြီးနောက်ပိုင်းမှာ ပိုစီးထားခဲ့တယ်။ တန်ပြန်တိုက်စစ်ကနေ အာဆင်နယ် အခွင့်အရေးတချို့ရခဲ့ပေမဲ့ လိဒ်စ်က ပိုကောင်းတဲ့အခွင့်အရေးတွေ ပိုင်ဆိုင်ခဲ့တယ်။ ရိုဒရီဂိုရဲ့ကန်ချက်ဘားထိခဲ့တာ၊ ဘမ်းဖို့ဒ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိခဲ့တာတွေလည်း နစ်နာတယ်။ ပေပေရဲ့အနီကတ်က Stupid ဖြစ်လွန်းလို့ အပြခံရတာ တန်ပါတယ်။ ဒါပေမဲ့ အူဘာမီယန်းရဲ့ကန်ချက်က လက်ထိဘောနဲ့ ပယ်နယ်တီရခဲ့သင့်ပေမဲ့ မရခဲ့တာလည်း အာဆင်နယ် နစ်နာတယ်။