လီဗာပူးဟာ ဒဏ်ရာ ပြသနာ အကျပ်အတည်း ကြားထဲကနေ လက်စတာကို ၃-၀ နဲ့ အနိုင်ယူကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်မှာ တော့တင်ဟမ်နဲ့ အတူ ပူးပေါင်းနိုင်ခဲ့ပြီး အန်ဖီးမှာ စံချိန်သစ်လည်း ရရှိခဲ့ပါသေးတယ်။ လီဗာပူးဟာ ဗန်ဒိုက် ၊ ဂိုးမက်ဇ် ၊ အလက်ဇန်းဒါးအာနိုး ၊ ဟန်ဒါဆန် ၊ တီယာဂို ၊ မိုဆာလား စတဲ့ အဓိက ကစားသမား တွေကို ဒီပွဲစဉ်မှာ လက်လွှတ် ထားခဲ့ရပေမယ့်လည်း လက်စတာကို ပွဲအစကတည်းက ဖိကစားခဲ့ပြီး ပွဲချိန် ၂၁ မိနစ် မှာတင် အီဗန်ရဲ့ OG နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။
မိနစ် ၂၀ အကြာမှာ ဂျိုတာဟာ လီဗာပူး အတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူ ပေးခဲ့ပြီး အဲဒီနောက်ပိုင်း မှာလည်း လီဗာပူးဟာ လက်စတာ ဘက်ကို ထိုးဖောက်မှုတွေ များစွာ ပြုလုပ်ခဲ့ကာ လက်စတာတို့ ကံကောင်းလို့ ဂိုးထပ် မပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဖာမီနိုဟာ လီဗာပူး အတွက် ပွဲသိမ်းဂိုးကို ခေါင်းတိုက် သွင်းယူ ပေးခဲ့ပြီး လီဗာပူးဟာ အန်ဖီးမှာ ၆၄ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းနဲ့ အတူ ဘော့ပေစလေရဲ့ အသင်း တင်ထားခဲ့တဲ့ အိမ်ကွင်း စံချိန်ကို ချိုးဖျက် နိုင်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ထူးထူးခြားခြား ပြောစရာတွေ ကတော့
၁~လီဗာပူးရဲ့ ထိုးစစ်ဆင်မှုကို ရုန်းကန် ခဲ့ရတဲ့ လက်စတာ နောက်တန်း
မာနေးဟာ ပွဲအစ ကတည်းက လက်စတာ ဘက်ကို အပြင်းအထန် ဖိအားပေး ခြိမ်းခြောက် သွားခဲ့ကာ ဖိုဖာနာ ၊ အီဗန် တို့ အတွဲဟာ ၎င်းရဲ့ ထိုးဖောက်မှုတွေကို တားဆီးဖို့ ရုန်းကန် ခဲ့ရပါတယ်။ မာနေး ကို ထိန်းချုပ်ဖို့ အသဲအသန် ကြိုးစား နေရင်းနဲ့ အီဗန်ဟာ ထောင့်ကန်ဘောကို ဖျက်ထုတ်ရန် ပြင်ဆင်ချိန် မရ ဖြစ်ခဲ့ပြီး ကိုယ့်ဂိုးကိုယ် သွင်းယူခဲ့ကာ လီဗာပူးကို ဦးဆောင်ဂိုး ခွင့်ပြု ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း မှာလည်း ဂျိုတာ ဖာမီနို တို့ရဲ့ ထိုးဖောက်မှုတွေကို လက်စတာ နောက်တန်း အနေနဲ့ တားဆီး နိုင်ရန် ရုန်းကန် နေခဲ့ရပြီး ဂိုးသမား အထူး လက်စွမ်းပြမှုနဲ့ တိုင်ထိ ထွက်ခဲ့မှုတွေကြောင့် စောစောစီးစီး ပွဲမပြတ် ဖြစ်ခဲ့တာပါ။
၂~စံချိန်သစ်နဲ့ ဂျိုတာ
ဂျိုတာဟာ အန်ဖီးမှာ လီဗာပူး အသင်း အတွက် ၅ ပွဲ ကစားထားခဲ့ရာမှာ ပွဲတိုင်း ဂိုးသွင်း နိုင်ခဲ့ပါတယ်။ ဒီထဲက သွင်းဂိုး ၄ ဂိုးဟာ ပရီးမီးယားလိဂ်မှာ ရရှိခဲ့တာ ဖြစ်ပြီး ဒါဟာ စံချိန်သစ်လည်း ဖြစ်ပါတယ်။ ပေါ်တူဂီ လက်ရွေးစင်ဟာ လက်စတာနဲ့ ပွဲစဉ်မှာလည်း ဘောလုံးနဲ့ ထိလိုက်တဲ့ အချိန်တိုင်း အရမ်း ကောင်းတဲ့ ဆုံးဖြတ်ချက်တွေ ပြုလုပ် နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက လီဗာပူးဟာ ၃ ဦးတွဲ တိုက်စစ်က တစ်ဦးဦး မပါဝင်တဲ့ အခါတိုင်း တိုက်စစ် Level က သိသိသာသာ ကျဆင်း သွားခဲ့ပါတယ်။ ဒါပေမယ့် ဂျိုတာဟာ လီဗာပူးမှာ အထူး အံဝင်အောင် ကစားနိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား ခေါ်ယူမှုတွေ ထဲက တစ်ခု ဆိုတာကို သက်သေ ပြထားခဲ့ပါတယ်။ ၎င်းဟာ ထိလို့ မရတဲ့ လီဗာပူးရဲ့ front three ကို နေရာတစ်နေရာ အတွက် အပြင်းအထန် ဖိအားပေးထား နိုင်ခဲ့ပြီး ဒီအချိန်မှာတော့ ကလော့ အနေနဲ့ ၎င်းကို လုံး၀ ဖယ်ထုတ်လို့ မဖြစ်နိုင်ပါဘူး။
၃~လိုအပ်တဲ့ အချိန်တိုင်း အကောင်းဆုံး ပေးဆပ်နေဆဲ မီနာ
ဒီအချိန်မှာ လီဗာပူးဟာ ဒဏ်ရာ ပြသနာတွေနဲ့ အပြင်းအထန် ရင်ဆိုင် နေရပြီး မီနာလို ကစားသမားမျိုး အသင်းမှာ ရှိနေတာဟာ ကံကောင်း လှပါတယ်။ ဒီတစ်ပတ် မှာလည်း မီနာဟာ အလက်ဇန်းဒါးအာနိုးရဲ့ ညာနောက်ခံလူ နေရာကို ဝင်ကစား ပေးသွား ခဲ့ပြီး ထရန့်ကို တမ်းတ မနေရအောင် ညာခြမ်း ကနေ တိုက်စစ် နဲ့ ခံစစ်မှာ အကောင်းဆုံး ကစား ပေးသွားခဲ့ ပါတယ်။ ဒါ့အပြင် နာဘီကီတာ ဒဏ်ရာ ရသွားခဲ့တဲ့ အချိန်မှာလည်း ကွင်းလယ် နေရာကို ပြောင်းရွေ့ ကစားခဲ့ကာ လီဗာပူးရဲ့ press ကို ဦးဆောင် မောင်းနှင် ခဲ့ပါတယ်။ ဒီလို ခေါင်းဆောင်ကောင်းမျိုးဟာ ဘယ်အသင်းမှာ မဆို လိုအပ်ပြီး ကွင်းတွင်း ကွင်းပြင် မီနာရဲ့ ဦးဆောင်မှုတွေဟာ လီဗာပူးရဲ့ အောင်မြင်မှုတွေဟာ အဓိက ကျလှပါတယ်။
၄~လီဗာပူးရဲ့ ခံစစ် အကြီးအကဲသစ်
လီဗာပူး ပရိတ်သတ်တွေ သိထားခဲ့တဲ့ ဖာဘင်ညိုဟာ ဒီရာသီမှာ မရှိတော့ပါဘူး။ ဖာဘင်ညို အသစ်ဟာ ဗဟိုနောက်ခံလူ ဖြစ်ပါတယ်။ ဗန်ဒိုက် ၊ ဂိုးမက်ဇ် တို့ရဲ့ ဒဏ်ရာ အခြေအနေတွေကြောင့် ဘရာဇီး စတားဟာ ဒီရာသီ တစ်လျှောက်လုံး ဗဟို ခံစစ်မှာ ကစားပေးရမယ့် အနေအထား ရှိနေပါတယ်။ ဒဏ်ရာကနေ ပြန်လာခဲ့တဲ့ ဖာဘင်ညိုဟာ လက်စတာနဲ့ ပွဲမှာ မာတစ်နဲ့ အတူ အကောင်းဆုံး ကစား သွားခဲ့ပြီး ဒါဟာ လီဗာပူးရဲ့ ပထမဦးစားပေး ဗဟို ခံစစ် အတွဲ ဖြစ်လာတော့မှာပါ။ ဒီအတွဲဟာ လက်စတာရဲ့ အဓိက တိုက်စစ်မှုး ဖြစ်ပြီး အကောင်းဆုံး ပုံစံ ရနေတဲ့ ဗာဒီရဲ့ ခြိမ်းခြောက်မှုတွေကို အမြင့်ဘောနဲ့ကော အနိမ့်ဘောနဲ့ပါ ကောင်းကောင်း ဖြေရှင်း နိုင်ခဲ့ပြီး လက်စတာ တိုက်စစ်မှုးဟာ ဒီပွဲမှာ အခွင့်အရေး အနည်းငယ်သာ ရခဲ့ပါတယ်။ ဗန်ဒိုက် နဲ့ ဂိုးမက်ဇ် တို့ကတော့ ဒီပွဲကို ကြည့်ပြီး စိတ်အေး သွားနိုင်ပါတယ်။
၅~အိမ်ကွင်း စံချိန်သစ်
လီဗာပူး အသင်းဟာ စံချိန်တွေ သမိုင်းတွေ ရေးထိုးထားခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ လက်ရှိ အသင်းဟာ ကလပ်သမိုင်းမှာ အကြီးကြယ်ဆုံး အသင်းတွေ ထဲက တစ်သင်း ဆိုတာ မေ့လျော့ နေကြမှာပါ။ လီဗာပူးဟာ ဒီပွဲစဉ်မှာ အဓိက ကစားသမား အများအပြားကို လက်လွှတ် ထားခဲ့ရတာကြောင့် လက်စတာလို ပုံစံကောင်း ရနေတဲ့ အသင်းနဲ့ ဆုံတွေ့ချိန်မှာ အခြေအနေ မကောင်းနိုင်ဘူးလို့ လူတော်တော်များများက ယူဆ ထားခဲ့ကြပါတယ်။ ဒါပေမယ့် ကလော့ရဲ့ အသင်းဟာ လက်စတာကို ပွဲချိန် အများစုမှာ အသာစီး ကစားကာ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့ပြီး အန်ဖီးမှာ clean sheet နဲ့ ဂိုးပြတ် အနိုင်ယူကာ ပြိုင်ဘက်အသင်းတွေကို သတိပေးလိုက်ပါတယ်။
ကလော့ရဲ့ အသင်းဟာ အခုဆိုရင် အိမ်ကွင်းမှာ လိဂ်ပွဲစဉ် ၆၄ ပွဲဆက် ရှုံးပွဲ မရှိခဲ့ဘဲ လွန်ခဲ့တဲ့ ၁၉၇၈-၁၉၈၁ တုန်းက ဘော့ပေစလေရဲ့ အသင်း တင်ထားခဲ့တဲ့ ၆၃ ပွဲဆက် အိမ်ကွင်း ရှုံးပွဲမရှိ စံချိန်ကို တစ်ပွဲ အသာနဲ့ ကျော်ဖြတ်ကာ စံချိန်သစ် ရခဲ့ပါတယ်။ ယာဂန်ကလော့ဟာ လီဗာပူးရဲ့ ဂန္တဝင် နည်းပြတွေ ထဲက တစ်ဦးပါပဲ။