ချဲလ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ Lockdown ကာလ နောက်ပိုင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ပထမ ဦးစားပေး တိုက်စစ်မှူး အဖြစ် ပွဲထွက်ခွင့်တွေ ဆက်တိုက် ရရှိခဲ့ကာ ၊ အထူး ခြေစွမ်းပြနိုင်ခဲ့ပါတယ် ။
ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲ ကို ချဲလ်ဆီး တို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိထားတာ ဟာ ဂျရူး ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကြောင့်လည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ လက်ကျန် ပရီးမီးယားလိဂ် ၁၃ပွဲမှာ ဂျရူး ဟာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူကာ ၊ သူ့ရဲ့ ထိုက်တန်မှု ကို သက်သေပြခဲ့ပါတယ် ။
ဂျရူး ဟာ ပြီးခဲ့တဲ့ ရာသီ ၊ Lockdown ကာလ အတွင်း ချဲလ်ဆီး အသင်း နဲ့ တနှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားခဲ့ပေမယ့် ၊ ဒီရာသီ မှာတော့ ပရီးမီးယားလိဂ် ပွဲထွက်ခွင့် လုံးဝ မရသေးပါဘူး ။ ဂျရူး နေရာ မှာ အင်္ဂလန် လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ကပင် ပိုပြီး နေရာ ရနေတာကို တွေ့ရပါတယ် ။
ယူရိုသန်း ၅၀ တန်ကြေးရှိတဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမို ဗာနာ ဟာ ပထမ ဦးစားပေး တိုက်စစ်မှူး ဖြစ်နေတာ မဆန်းပေမယ့် ၊ အရည်အချင်း မတိမ်းမယိမ်း ဖြစ်နေတဲ့ အေဘရာဟမ် နဲ့ ဂျရူး အကြားမှာ ဂျရူး က ပိုပြီး အတွေ့အကြုံ ရှိပေမယ့် ၊ နည်းပြ ဖြစ်သူ လမ်းပတ် ကတော့ အင်္ဂလန်သား ကိုသာ ပိုပြီး ဦးစားပေးနေပါတယ် ။
အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျရူး အနေနဲ့ လာမယ့် ယူရို ပြိုင်ပွဲမှာ ပြင်သစ် လက်ရွေးစင် အသင်း နဲ့ အတူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ ဆိုရင် ၊ ကလပ် အသင်း အဆင့် မှာ ပုံမှန် ပွဲကစားခွင့် ရနေဖို့ လိုပါတယ် ။ ဒါကို ချဲလ်ဆီး အသင်း မှာ ရှာဖွေဖို့ မလွယ်တော့ပါဘူး ။
ဂျရူး ရဲ့ အေးဂျင့် ဖြစ်သူ မိုက်ကယ် မန်နူရယ်လို ကတော့ ပြီးခဲ့တဲ့ ရာသီ က ချဲလ်ဆီး အသင်း ကို ပိုပြီး အကျိုးပြုခဲ့တဲ့ ဂျရူးထက် ဒီရာသီမှာ အေဘရာဟမ် ကို နေရာ ပြန်ပေးနေတဲ့ လမ်းပတ် ရဲ့ ဆုံးဖြတ်ချက် ဟာ မျှတမှု မရှိကြောင်း နဲ့ အခြေအနေ တိုးတက်မှု မရှိရင် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက် အတွင်း မှာ အနာဂတ် အတွက် စဉ်းစားရမှာ ဖြစ်ကြောင်း ဖွင့်ဟလာပါတယ် ။
Foot Mercato နဲ့ တွေ့ဆုံခဲ့ရာမှာ မန်နူရယ်လို က ” ဖရန့် လမ်းပတ် ဟာ အိုလီဗီယာ ထက် တမ်မီ အေဘရာဟမ် ကို ရှေ့တန်းတင် ဦးစားပေးနေတာကို ခင်ဗျား အနေနဲ့ မမြင်နေဘူး ဆိုရင်တော့ မျက်လုံးကန်းနေလို့ပဲ ဖြစ်မှာပါ ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီကုန်ခါနီး က အိုလီဗီယာ စွမ်းဆောင်ပေးခဲ့တာတွေကို ပြန်ကြည့်ရင် အခု လုပ်ရပ် က မျှတမှု မရှိပါဘူး ။ “
” ဒါပေမယ့် နည်းပြမှာ ပွဲထွက် ကစားသမား ရွေးချယ်မှု အတွက် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ် ။ ဒါဟာ သူ့ ရွေးချယ်မှုပါ ။ ပြီးခဲ့တဲ့ ၅လအတွင်းမှာ အရာတချို့ ဖြစ်ပျက်ခဲ့ပါတယ် ။ ကျွန်တော် တို့ဟာ ပြီးခဲ့တဲ့ ၃နှစ် က အကြောင်းအရာ တွေကို မေ့ပစ်ပြီး ၊ လွန်ခဲ့တဲ့ ၂လက အကြောင်း ကိုပဲ ကြည့်နေလို့ မရပါဘူး ။ “
” ဒါပေမယ့် ကျွန်တော်တို့ အရိုးသားဆုံး ဖြစ်နေရပါမယ် ။ ကိုယ့်ဘဝ တိုးတက်ဖို့ အရေး အတွက် ရှေ့ဆက်ချင်ရင်တော့ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောရပါမယ် ။ အဓိက ကတော့ အိုလီဗီယာ ရဲ့ အနာဂတ် အတွက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဂျရူး ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်း စီးရီးအေ အင်အားကြီး ကလပ် တချို့ ရဲ့ ကမ်းလှမ်းမှု ကို ရရှိခဲ့တဲ့ အပြင် ၊ ပရီးမီးယားလိဂ် ပြိုင်ဖက် အသင်း တချို့ ရဲ့ စိတ်ဝင်စားမှု ကို ရခဲ့ပေမယ့် ၊ ချဲလ်ဆီး အသင်းမှာပဲ ဆက်လက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ။