ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချန်ပီယံဆုအတွက် (၈) သင်းအထိ ပြိုင်ဆိုင်ရနိုင်ကြောင်းနှင့် ရမှတ် (၁ဝဝ) ရရှိရန် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။
ဗြိတိန်အခြေစိုက် Daily Mail သတင်းဌာနအတွက် အားကစားကလောင်ရှင်အဖြစ် ဆောင်ရွက်နေသည့် အင်္ဂလန်လက်ရွေးစင် ဟောင်း ဂျေမီရက်နပ်နှင့် ကြာသပတေးနေ့က ပြုလုပ်သည့် အင်တာဗျူးအစီအစဉ်တွင် ကလော့ပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“(၈)သင်းပေါ့။ ဒီအချိန်မှာ ချန်ပီယံဆုအတွက် ဂရုမစိုက်နိုင်ဘူးလို့ ပြောရတာ စိတ်မကောင်းပါဘူး။ တစ်သင်းသင်းက ရမှတ် (၁ဝဝ) ရမဲ့ပုံစံမျိုးလည်း မရှိပါဘူး။ ဒီရာသီက ရက်သတ္တပတ်လေးပတ် ပိုနည်းသွားပေမဲ့ ကစားရတဲ့ပွဲအရေအတွက်က အတူတူပဲ မဟုတ်လားလို့ ပြောစရာရှိတယ်။ ဒါပေမဲ့ ရမှတ် (၁ဝဝ) ရဖို့ကတော့ ဖြစ်နိုင်မယ်လို့ ကျွန်တော်မထင်ဘူး။ (၈၇) မှတ်ဆိုတာတောင် တော်တော်များနေပါပြီ။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီနှစ်မှာ ကျွန်တော်တို့သာ အနိုင်ရခဲ့မယ်ဆိုရင် တကယ်ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါလိမ့်မယ်။ ပိုပြီးကြီးတဲ့တစ်ခုပေါ့။ ချန်ပီယံဆု စိန်ခေါ်နိုင်တဲ့ပြိုင်ဘက်တွေ အများကြီးရှိလို့ လည်း ပရီးမီးယားလိဂ်ကို ကျွန်တော်သဘောကျတာပါ။ ကျွန်တော်တို့ရဲ့ ရာသီအစရလဒ်တွေကလည်း သိပ်မဆိုးပါဘူး။ အက်စတွန်ဗီလာနဲ့ပွဲ (၇-၂ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲ)ကတော့ ကျွန်တော်တို့အတွက် ထူးခြားတဲ့ပွဲပါပဲ။ ဒီလိုမျိုးဖြစ်ဖို့ လိုအပ်တာလည်း ဖြစ်နိုင်တယ်။ အဲဒီရှုံးနိမ့်မှုကို ကျွန်တော်တို့ အသုံးချခဲ့ပါတယ်။ တနင်္ဂနွေနေ့ကျရင်လည်း လက်စတာ နဲ့ ကစားရမှာဆိုတော့ ဘယ်လိုဖြစ်မလဲ ကြည့်ကြတာပေါ့”ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။
ထို့ပြင် ကလော့ပ်က ပရီးမီးယားလိဂ်အနေဖြင့် လူစားလဲမှု (၅)ဦးခွင့်ပြုသည့်စနစ် ပြန်လည်အသုံးပြုရန် လိုအပ်ကြောင်း၊ (၅)ဦး လူစားလဲခွင့်ပြုခြင်းမှာ မိမိနှင့် လီဗာပူးလ်အသင်းအတွက်မဟုတ်ဘဲ ကစားသမားများအတွက်သာဖြစ်ပြီး အကောင်းဆုံးအဖြေဖြစ်သောကြောင့် အမြန်ဆုံး ဆုံးဖြတ်သင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးတွင် (၅)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ရမှတ် (၁၇)မှတ်ဖြင့် အဆင့် (၃)နေရာ၌ ရပ်တည်နေပြီး အဆင့် (၁)နေရာမှ လက်စတာအသင်း (၁၈ မှတ်)နှင့် (၁)မှတ်သာ ကွာဟသည်။