အာဆင်နယ် ၀-၁ လက်စတာ
လက်စတာရဲ့ ပထမပိုင်းကစားပုံက စိတ်ပျက်စရာပါ။ အာဆင်နယ်က ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး၊ ဘောလုံး စိတ်ကြိုက်ကိုင်ကစားခဲ့တယ်။ အပိုင်အခွင့်အရေးတွေ ဖန်တီးခဲ့တယ်။ လက်စတာက ခံစစ်မှာပဲ အချိန်ကုန်ခဲ့ပြီး သူတို့ရဲ့တိုက်စစ်ကစားပုံကလည်း သွားမရှိတဲ့ ကျားလို၊ အဆိပ်မရှိတဲ့ မြွေလိုပါပဲ။ ဒါပေမဲ့ ဘရန်ဒန်ရော်ဂျာရဲ့အသင်းဟာ ကစားပုံမကောင်းခဲ့တဲ့တိုင် အနည်းဆုံးတော့ အာဆင်နယ်ကို ဂိုးမပေးရအောင် ထိန်းကစားနိုင်ခဲ့တယ်။ ကံကောင်းခဲ့တာလည်း ပါတယ်လို့ ပြောရမှာဖြစ်ပြီး တီယာနေးရဲ့ဖန်တီးမှုတွေဟာ တိုက်စစ်ပိုင်းက ကစားသမားတွေကြောင့် အလဟဿဖြစ်ခဲ့တာ နှမြောစရာကောင်းတယ်။
လာကာဇက်ရဲ့လွဲချော်မှုက အဆိုးဆုံးဖြစ်ပြီး ခေါင်းနဲ့ထိရုံနဲ့ ဝင်သွားမဲ့ဂိုးတောင် မဝင်ခဲ့ဘူး။ လာကာဇက်က ဒီတစ်ဂိုးတင်မဟုတ်ဘဲ တစ်ပွဲလုံးမှာလည်း စိတ်ပျက်စရာပုံစံမျိုးနဲ့ ကစားသွားခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ လက်စတာရဲ့ အဓိကလက်နက်ပုန်း ဗာဒီက ကွင်းထဲဝင်လာခဲ့ပြီးနောက် လက်စတာရဲ့ တန်ပြန်တိုက်စစ်ကစားပုံ၊ လက်စတာရဲ့စိတ်ဓာတ်၊ လက်စတာရဲ့စုစည်းမှု အရာရာဟာ ပြောင်းလဲသွားခဲ့တယ်။
အခြားတစ်ဖက်မှာ အာဆင်နယ်ဟာ ပထမပိုင်းနဲ့ ဘာမှမဆိုင်တဲ့ ခြေစွမ်းမျိုးနဲ့ ရည်ရွယ်ချက်မရှိ၊ ဦးတည်ရာ ပျောက်ဆုံးနေတဲ့ပုံစံ ကစားခဲ့တယ်။ နောက်ဆုံးတော့ အသင်းကြီးတွေနဲ့ ပွဲတွေမှာ ဂိုးမြူးလေ့ရှိတဲ့၊ အာဆင်နယ်ကို ဂိုးတွေသွင်းလေ့ရှိတဲ့ ဗာဒီရဲ့ အနီးကပ်ခေါင်းတိုက်ဂိုးကို ခွင့်ပြုခဲ့ရပြီး ရှုံးပွဲတွေ့ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လက်စတာအသင်းက အမှတ်ပေးဇယားအဆင့် (၄)နေရာအထိ တက်လာခဲ့ပြီး ထိပ်ဆုံးက အဲဗာတန်နဲ့ (၁)မှတ်သာ ကွာပါတော့တယ်။