spot_img

နူးကမ့် El Clasico ပွဲစဉ်မှာ ဂိုးပြတ်နိုင်ပွဲယူခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

ပြီးခဲ့တဲ့ လာလီဂါပွဲစဉ် (၆)မှာ ရှုံးပွဲကိုယ်စီကြုံခဲ့တဲ့အသင်း (၂)သင်း၊ ဒီရာသီအစမှာပဲ မတည်ငြိမ်မှုတွေနဲ့ ဖိအားများနေတဲ့အသင်း (၂)သင်း၊ လာလီဂါချန်ပီယံဆုအတွက်ရေပန်းအစားဆုံးအသင်း (၂)သင်း၊ ဥရောပရဲ့အခမ်းနားဆုံး ဒါဘီပွဲစဉ်တစ်ပွဲစတဲ့စောင့်ကြည့်စရာအကြောင်းအရာများစွာနဲ့ ဘာစီလိုနာနဲ့ ရီးယဲလ်မက်ဒရစ်တို့ရဲ့ El Clasico ပွဲစဉ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက အဝေးကွင်းမှာ (၃-၁)ဂိုးနဲ့ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။

ပွဲမတိုင်ခင်ကတည်းက ရှုံးနိမ့်ခဲ့တဲ့အသင်းဟာ ရာသီအစမှာပဲ ဖိအားပိုသွားမယ်လို့ ခန့်မှန်းသုံးသပ်မှုတွေအတွင်း လာလီဂါ (၂)ပွဲဆက်အရှုံးနဲ့အတူ ဘာစီလိုနာနည်းပြ ရော်နယ်လ်ကိုးမန်းအတွက် ဖိအားတွေကပိုများလာခဲ့ပါပြီ။ ပြီးခဲ့တဲ့လာလီဂါပွဲစဉ် (၆)နဲ့ ကြားရက်ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၁)တွေမှာ (၂)ပွဲဆက်ရှုံးပွဲကြုံခဲ့လို့ အနာဂတ်လှုပ်ခတ်နေတဲ့ ရီးယဲလ်နည်းပြ ဇီဒန်းကတော့ အခုနိုင်ပွဲကြောင့် ဖိအားအနည်းငယ်လျော့သွားခဲ့ပါပြီ။

myan789

ပြီးခဲ့တဲ့ကြားရက်မှာ ချန်ပီယံလိဂ်ပွဲကိုယ်စီကစားခဲ့ရသလို လာမယ့်ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်တွေရှိနေပေမယ့် နှစ်သင်းစလုံး အတောင့်တင်းဆုံးလူစာရင်းနဲ့ပွဲထွက်လာခဲ့ပြီး နိုင်ပွဲကိုယ်စီရဖို့ကြိုးပမ်းခဲ့ကြပါတယ်။

ပွဲစကတည်ကး (၂)သင်းစလုံးမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တိုက်စစ်ဖွင့်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိတဲ့ El Clasico ပွဲစဉ်တစ်ပွဲကို ခံစားခဲ့ရတာပါ။

ပွဲအစ (၅)မိနစ်မှာပဲ ဘန်ဇီမာရဲ့ အကွက်မြင်မြင်ပေးပို့မှုကနေ ဗယ်လ်ဗာဒီက ရီးယဲလ်မက်ဒရစ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့ပြီး (၃)မိနစ်အကြာ ပွဲချိန် (၈)မိနစ်မှာပဲ အန်ဆူဖာတီက ဘာစီလိုနာအသင်းအတွက် ချေပဂိုးကိုသွင်းယူခဲ့ပါတယ်။

(၁-၁)ဂိုးအနေအထားမှာ ပွဲရဲ့အရှိန်ကပိုမြင့်လာခဲ့ပြီး နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ ရသမျိုးစုံပေးခဲ့တာပါ။ ဘာစီလိုနာအသင်းက ပယ်ဒရီ၊ အန်ဆူဖာတီ၊ မက်ဆီ၊ ကော်တိုဟိုတို့ရဲ့ တိုက်စစ်စုဖွဲ့မှုနဲ့ ရီးယဲလ်မက်ဒရစ်အသင်းကို ဖိအားပေးဖို့ကြိုးစားခဲ့ပေမယ့် ရီးယဲလ်ခံစစ်ပိုင်းက မာမာထန်ထန်တုံ့ပြန်မှုတွေကြားမှာ ထင်သလောက်အခွင့်အရေးမရခဲ့ပါဘူး။

မက်ဆီရဲ့အနီးကပ်ကပ်သွင်းမှုတစ်ကြိမ်ကို ရီးယဲလ်ဂိုးသမားကော်တိုအာကာကွယ်နိုင်ခဲ့လို့လည်း ဘာစီလိုနာအသင်းနစ်နာခဲ့ရပါတယ်။

ပထမပိုင်းမှာတော့ (၁-၁)ဂိုးနဲ့ပြီးဆုံးခဲ့ပြီး နှစ်သင်းစလုံးအနိုင်ဂိုးရဖို့အရှိန်မြှင့်လာခဲ့တဲ့ ဒုတိယပိုင်းမှာတော့ ပွဲကပိုမြိုင်လာခဲ့ပါတယ်။

ဘာစီလိုနာအသင်းကစားကွက်အသာစီးနိုင်သလိုရှိခဲ့ပေမယ့် ရီးယဲလ်အသင်းရဲ့ ကွင်းလယ်နဲ့ ခံစစ်ဖျက်အားကလည်း ဟာကွက်မရှိခဲ့လို့ ထင်သလောက်အခွင့်အရေးမရခဲ့တာပါ။ ဒါ့အပြင် ဒုတိယပိုင်းပွဲချိန်ကြာလာတာနဲ့အမျှ ရီးယဲလ်အသင်း ကစားကွက်စီးလာခဲ့ပြီး ဘာစီလိုနာအသင်းကို ပြန်လည်ဖိအားပေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ပွဲချိန် (၆၃)မိနစ်မှာတော့ ရီးယဲလ်မက်ဒရစ်အသင်း ဦးဆောင်ဂိုးရရှိခဲ့ပြီး ပယ်နယ်တီပြစ်ဒဏ်ဘောကတစ်ဆင့် ရာမို့စ်က သွင်းယူပေးခဲ့တာပါ။

ဂိုးပေးလိုက်ရပြီးနောက်မှာ ဘာစီလိုနာအသင်း ကစားပုံပြာသွားခဲ့ပြီး ရီးယဲလ်အသင်းက အခွင့်အရေးဆက်တိုက်ရရှိလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းရရှိတဲ့အခွင့်အရေးတချို့ကိုလည်း တိုက်စစ်ကစားသမားတွေ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ နစ်နာခဲ့ရတာပါ။

ရီးယဲလ်အသင်းဖိအားပေးကစားနေရင်း (၂-၁)ဂိုးရလဒ်နဲ့ ပွဲပြီးဖို့နီးစပ်ခဲ့ပေမယ့် ပွဲချိန်မိနစ် (၉၀)မှာတော့ ကွင်းလယ်လူ မိုဒရစ်က ဂိုးဧရိယာအတွင်းမှာ ဂိုးသမားကိုလိမ်ခေါက်ပြီး လှလှပပကန်သွင်းယူသွားခဲ့လို့ ရီးယဲလ်အသင်း တတိယဂိုးရရှိခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ရီးယဲလ်မက်ဒရစ်အသင်းက (၃-၁)ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပြီး လာလီဂါပွဲစဉ် (၇) စနေညအပြီးမှာ တစ်ပွဲလျော့ ရမှတ် (၁၂)မှတ်နဲ့ ရီးယဲလ်အသင်း အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းခဲ့ပါတယ်။

ဒီရာသီလာလီဂါပွဲစဉ် (၅)ပွဲကစားပြီးချိန်မှာ နိုင်ပွဲ (၂)ပွဲသာရထားပြီး သရေ(၁)ပွဲ၊ ရှုံးပွဲ (၂)ပွဲနဲ့ ဘာစီလိုနာအသင်းကတော့ လာမယ့်ပွဲစဉ်တွေအတွက် ပိုပြီးဖိအားများသွားခဲ့ပါပြီ။

More News

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

LATEST SPORTS NEWS

Advertismentspot_img

Most Popular