အက်သလက်တီကို မက်ဒရစ် အသင်းကနေ ပေါင် ၄၅ သန်း နဲ့ ပြောင်းရွှေ့လာပြီးနောက် ပထမဆုံး အကြိမ် အဖြစ် သောမက်စ် ပါတေး ဟာ ယနေ့ ဗုဒ္ဓဟူး နေ့မှာ အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းတော့မှာ ဖြစ်ပါတယ် ။
ပါတေး က ဒီတစ်ပတ်မှာ ကစားရမယ့် မန်ချက်စတာ စီးတီး နဲ့ ပွဲအတွက် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း နဲ့ အာဆင်နယ် ကို ပြောင်းရွှေ့လာခဲ့တာဟာ ပရီးမီးယားလိဂ် ဖလား ရယူဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။
အာဆင်နယ် အသင်းဟာ ၂၀၀၃-၀၄ ခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံ ဆု ကို ရှုံးပွဲ မရှိ စံချိန်နဲ့ ရယူ ပြီးကတည်းက ပရီးမီးယားလိဂ် ဖလား နဲ့ အလှမ်းဝေးနေခဲ့တာ ဖြစ်ပြီး အခုဆို ၁၆ နှစ်တိုင်တိုင် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။
နောက်ပိုင်း နှစ်တွေမှာဆို အာဆင်နယ် အသင်းဟာ ချန်ပီယံဆုကို စိန်ခေါ်ဖို့ထက် ထိပ်ဆုံးလေးသင်းထဲ ဝင်ရောက်နိုင်ဖို့ကိုပဲ အဓိက ပစ်မှတ်ထားနေရပြီး ချန်ပီယံလိဂ် ကစားခွင့်မရတာလည်း လေးနှစ်ဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ရာသီမှာ အာဆင်နယ် အသင်းဟာ အဆင့် ၈ နေရာ အထိ ကျဆင်း သွားခဲ့ပြီး အက်ဖ်အေ ဖလား အရယူ နိုင်ခဲ့တာကြောင့်သာ ယူရိုပါလိဂ် ပြိုင်ပွဲကို အုပ်စု အဆင့် ကနေ စတင် ကစားခွင့် ရရှိ သွားခဲ့တာပါ ။
ပါတေး ကတော့ အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား နဲ့ ဝေးကွာ နေမှုကို အဆုံးသတ်ချင်ကြောင်း အခုလို ပြောကြား သွားခဲ့ပါတယ် ။ ” ပရီးမီးယားလိဂ် ဖလား ပြန်လည် ရယူဖို့က ကျွန်တော်တို့ဘနဲ့ ကျနော့်ရဲ့ ရည်မှန်းချက်အသစ် ပါ ၊ ကျွန်တော်တို့ အနေနဲ့ အရင်ကလို အောင်မြင်မှုတွေရအောင် လုပ်ဆောင်ရမယ်လို့ ထင်ပါတယ် ။ ”
” ဖလားအောင်မြင်မှု ရဖို့ဆိုတာ ခက်ခဲတဲ့ အရာပါ ၊ ကျွန်တော်တို့ အားလုံးလည်း ခက်ခဲမယ်ဆိုတာ သိကြပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ ကြိုးစား နေကြပါတယ်၊ ကျွန်တော်တို့ အဆင်သင့် ဖြစ်နေပြီလို့ ထင်ပါတယ် ၊ ကျွန်တော်တို့ အနေနဲ့ ကိုယ်လုပ်နိုင်တဲ့ အရာတွေကို အစွမ်းကုန် လုပ်ဆောင်သွားရမှာပါ ။ ” လို့ ဆိုပါတယ် ။
အာဆင်နယ် အသင်းဟာ ဒီတစ်ပတ် စနေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် မန်ချက်စတာ စီးတီး အသင်း အိမ်ကွင်းမှာ သွားရောက် ကစားရမှာပါ ။ ပါတေး ကတော့ မန်စီးတီး နဲ့ ပွဲမှာ ပါဝင် ကစားချင်ကြောင်းပြောကြား သွားခဲ့ပါတယ် ။
” ကျွန်တော်က ပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားရတာကို သဘောကျသူပါ ၊ ဒါပေမယ့် ပွဲထွက် ကစားခွင့်က နည်းပြ အပေါ်ပဲ မူတည်ပါတယ် ၊ သူ ကျနော့်ကို ကစားစေချင်သလား မကစားစေချင်သလားပေါ့ ၊ နည်းပြ အပေါ် မူတည်ပါတယ် ။ ”
” ကျွန်တော်ကတော့ အသင်းသားတွေနဲ့ အရင်ဆုံး အသားကျအောင်လုပ်မယ် ၊ ပြီးရင် လေ့ကျင့်ခန်း ဆင်းမယ် ၊ မီခေးလ် ရဲ့ ဆုံးဖြတ်ချက်ပါပဲ ၊ ကျနော်က ခုမှ အသင်းကို ရောက်တာ ဆိုတော့ ပြင်ဆင် နေတုန်းပါ ၊ ဒါပေမယ့် ကျွန်တော့် အနေနဲ့ အသင်းရဲ့ကစားပုံ နဲ့ အသားကျဖို့ လိုအပ်ပါတယ် ။ ”
” ကျွန်တော်ကတော့ အသင်းနဲ့ အမြန်ဆုံး အသားကျအောင် ကိုယ်တက်နိုင်သလောက် လေ့လာ သင်ယူသွားပါမယ် ၊ လေ့ကျင့်ရေးကွင်းမှာ နည်းပြ ခိုင်းတဲ့ အရာ အားလုံးကို လုပ်ဆောင်ပြပြီး ပွဲကစားဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြသသွားမှာပါ ။” လို့ ပြောကြား လိုက်ပါတယ် ။