မန်ယူအသင်းတွင် နည်းပြဖြစ်သူ ဆိုးလ်ရှားနှင့် ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်တို့အကြား မပြေလည်သည့် ပြဿနာရှိနေသည်ဆိုခြင်းကို မန်ယူအသင်းအတွင်းလူတစ်ဦးက ငြင်းဆန်ပယ်ချခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၄)ရက်နေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်ယူ(၁-၆)စပါးပွဲတွင် ပထမပိုင်းအပြီး၌ လူစားလဲခံခဲ့ရခြင်းအတွက် ဘရူနိုဖာနန်ဒက်စ်သည် နည်းပြ ဆိုးလ်ရှားကို ဒေါသထွက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ယင်းပွဲတွင် မန်ယူအသင်းသည် အိမ်ကွင်း၌ ကစားရသော်လည်း ပထမပိုင်း၌ပင် (၁-၄)ဂိုးဖြင့် ရှုံးနိမ့်နေပြီး ဆိုးလ်ရှားက ဒုတိယပိုင်းမစမီ ကစားသမားအပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းအတွင်းလူတစ်ဦးက”ဒါဟာ အသင်းမှာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ ကစားသမားတွေဆိုတာ တစ်ခါတစ်ရံမှာ သူတို့ရဲ့ အမြင်တွေကို ဒီလိုပဲ ထုတ်ဖော်တတ်ကြပါတယ်”ဟု ပြောကြားခဲ့သည်။
ယင်းပွဲတွင် ပထမပိုင်းအပြီး၌ အဝတ်လဲခန်းသို့သွားရာလမ်းတစ်လျှောက်တွင် ဘရူနိုဖာနန်ဒက်စ်သည် ဒေါသပေါက်ကွဲပြီး အော်ဟစ်ခဲ့သည်ကို တွေ့ခဲ့ ရကြောင်း လည်း မန်ယူအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။