မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ ကြယ်ပွင့်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ နောက်ထပ်ကစားခွင့်ရဖို့ မသေချာကြောင်း ပြောကြားလာခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အာမိုရင်ရဲ့ဆုံးဖြတ်ချက်နဲ့အတူ ယူနိုက်တက်ရဲ့လူစာရင်းကနေ ကာလရှည်ချန်လှပ်ခံထားရပြီး အေစီမီလန်နဲ့ ဘာစီလိုနာတို့ရဲ့ချိတ်ဆက်မှုတွေကို လက်ခံရရှိထားတယ်လို့ ကောလာဟလတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာပြီး အသင်းသစ်မှာ စိန်ခေါ်မှုအသစ်နဲ့တွေ့ဆုံသွားဖို့ အဆင်သင့်ရှိနေကြောင်းကိုလည်း တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။
ဒါကြောင့် အာမိုရင်ကလည်း အင်္ဂလန်သားကို ပွဲကစားခွင့်မပေးဘဲ ဆက်တိုက်ချန်လှပ်ထားခဲ့ကာ ယူနိုက်တက်ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက်တိုက် ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိပါဘူး။ အီတလီထိပ်သီးကလပ် အေစီမီလန်နဲ့ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာတို့ကလည်း ရက်ရှ်ဖို့ဒ်ကို ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ အငှားနဲ့သာမက အပြီးသတ်ဝယ်ယူဖို့အထိပါ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
အာဆင်နယ်နဲ့ပွဲစဉ်အပြီးမှာ ရက်ရှ်ဖို့ဒ်နဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ အာမိုရင်က “ကျွန်တော်လည်း မပြောတတ်သေးပါဘူး။ ကျွန်တော်တို့သိရမှာပါ။ လက်ရှိအချိန်မှာတော့ သူကမန်ချက်စတာယူနိုက်တက်ကစားသမားပါပဲ။ သူအလုပ်ကြိုးစားဖို့တော့လိုပါတယ်။ ဒီအသင်းကိုသူချစ်ပါတယ်။ ဒါပေမယ့် ကစားသမားရွေးချယ်မှုပြုလုပ်ရတာက ကျွန်တော်ပါ။ ရွေးချယ်မှုတွေ ကျွန်တော်ဘယ်လိုလုပ်သလဲဆိုတာ အရင်ကပြောခဲ့ပြီးပါပြီ။ ဒီအတိုင်းပဲဆက်လုပ်နေမှာပါ။ လာမယ့်ပွဲစဉ်ကို စောင့်ကြည့်ကြတာပေါ့” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအခြေအနေအရတော့ အသက်-၂၇ နှစ်အရွယ်ကစားသမားအနေနဲ့ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်အတွက် ပါဝင်ကစားပေးဖို့ အလားမလာမရှိတဲ့ပုံပေါ်ပါတယ်။ သို့သော်လည်း ရက်ရှ်ဖို့ဒ်အနေနဲ့ နည်းပြအာမိုရင်စိတ်ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်မျိုး လေ့ကျင့်ရေးကွင်းမှာပြသနိုင်ခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်အတွက် ပြန်လည်ကစားပေးနိုင်ဖို့ရှိပါတယ်။