ရိုမဲရိုးရဲ့သီတင်းပတ်ခြောက်ပတ်ကြာ အနားယူရမှုနဲ့အတူ တော့တင်ဟမ်အတွက် ဒဏ်ရာပြဿနာထိုးနှက်ချက်အသစ်တစ်ခု ရှိလာခဲ့ပါပြီ။ ရိုမဲရိုးက ခြေချောင်းဒဏ်ရာကြောင့် ပြိုင်ပွဲစုံငါးပွဲဆက်လွဲချော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တော့တင်ဟမ်အတွက် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် အာဂျင်တီးနားနောက်ခံလူက ပွဲအစ ၁၅ မိနစ်အတွင်းမှာပဲ နောက်ထပ်ဒဏ်ရာပြဿနာတစ်ခုကို ကြုံတွေ့ခဲ့ရလို့ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားခဲ့ရပြီး ကမ္ဘာ့ဖလားဆုရှင်ဗဟိုခံစစ်မှူးနေရာမှာ ဒရာဂူဆင်က လူစားဝင်ကစားခဲ့ပါတယ်။
အစောပိုင်းမှာတော့ ရိုမဲရိုးရဲ့အခြေအနေကို ခြေချောင်းဒဏ်ရာ ပိုမိုဆိုးရွားလာခြင်းဖြစ်တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် သတင်းထောက်ဂတ်စ်တွန်အီဒူးလ်ရဲ့အဆိုအရ နောက်ခံလူဟာ ကြွက်သားဒဏ်ရာပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ထပ်သီတင်းပတ်ခြောက်ပတ်ကြာ အနားယူရဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ချဲလ်ဆီးနဲ့ရင်ဆိုင်ခဲ့ရတဲ့ပွဲစဉ်က ရိုမဲရိုးအတွက် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။
နောက်ခံလူရဲ့ဒဏ်ရာပြဿနာသစ်က ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပျောက်ပြီး လိဂ် ၁၅ ပွဲကစားပြီးချိန်၊ ရမှတ် ၂၀ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်-၁၁ နေရာမှာ ရပ်တည်နေတဲ့ မြောက်လန်ဒန်ကလပ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။
အန်ဂျီပိုစတီကိုဂလူရဲ့အသင်းက အခုသီတင်းပတ်ကုန်၊ ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ကြားရက်မှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် စကော့တလန်ပြည်တွင်းကလပ် ရိန်းဂျားစ်နဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။