မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ဒီရာသီမှာ အသင်းအတွက် တစ်ပွဲမှကစားခွင့်မရသေးတဲ့ နောက်ခံလူ လန်နီယိုရိုရဲ့အခြေအနေဟာ ဂရုစိုက်ဖို့လိုအပ်နေသေးကြောင်းအသိပေးလာခဲ့ပြီး ကစားသမားကို ကွင်းထဲမှာ မြင်တွေ့ရဖို့ မစောင့်နိုင်တော့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဒဏ်ရာပြဿနာပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့ရတဲ့ ယိုရိုဟာ လက်ရှိအချိန်မှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီး မကြာမီမှာပဲ ယူနိုက်တက်အတွက် စတင်ကစားပေးနိုင်တော့မယ်လို့ သိရပါတယ်။ ပြင်သစ်သားဟာ လိုင်လီမှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ကြေး ကြီးကြီးမားမားနဲ့ရောက်ရှိလာခဲ့ပေမယ့် အခုချိန်အထိတော့ တစ်ကြိမ်တောင် ကစားခွင့်မရသေးတာဖြစ်ပါတယ်။
ယိုရိုဟာ ရာသီကြိုကာလအတွင်း အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒဏ်ရပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး ကနဦးက
အောက်တိုဘာလအထိ အနားယူရမယ်လို့ ခန့်မှန်းထားခဲ့ကြပေမယ့် ယခုအခါမှာတော့ ဒဏ်ရာက ပိုမိုပြင်းထန်နေကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
မန်နေဂျာဟောင်း အဲရစ်တန်ဟက်ရဲ့လက်အောက်မှာ ကစားခွင့်မရတဲ့ ယိုရိုဟာ မန်နေဂျာသစ် အာမိုရင်ရဲ့လက်အောက်မှာတော့ ကစားနိုင်ဖို့ အခွင့်အရေးနဲ့ နီးစပ်နေပြီဖြစ်ပါတယ်။
ယခုအခါမှာ အသက်-၁၉ နှစ်အရွယ်ကစားသမားရဲ့အခြေအနေနဲ့ ပတ်သက်ပြီး အာမိုရင်က “သူက ထူးရှယ်ပါရမီရှင်ကစားသမားတစ်ယောက်ပါ။ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရဖို့အတွက်တော့ ကျွန်တော်တို့ ဂရုစိုက်သွားရပါဦးမယ်။ ကျွန်တော်တို့သူ့ကို လေ့ကျင့်ရေးအစီအစဉ်တွေ အများကြီး မ
လုပ်ခိုင်းထားပါဘူး။ သူက တစ်ယောက်တည်းလေ့ကျင့်နေတာတော့မဟုတ်ပေမယ့်၊ ကစားသမားအုပ်စု အသေးလေးထဲမှာပဲ လေ့ကျင့်နေတာပါ။
အတော်လေးလျင်မြန်ပြီး ခေတ်မီတဲ့နောက်ခံလူတစ်ယောက်ပါ။ ပြီးတော့ ပြိုင်ဘက်တိုက်စစ်မှူးနဲ့ တစ်ယောက်ချင်းတွေ့တဲ့အနေအထားတွေမှာလည်း ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ သူ့ရဲ့အခြေအနေကို ဂရုစိုက်သွားရဦးမယ်ဆိုပေမယ့် သူကစားတာကိုကြည့်ခွင့်ရဖို့ စိတ်လှုပ်ရှားနေပါပြီ” လို့ပြောကြားခဲ့ပါတယ်။
လာမယ့် ကြာသပေတေးနေ့မနက်မှာ ယူနိက်တက်ဟာ ခက်ခဲတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားသွားရပါမယ်။