ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က မနေ့ည အစ်ဆွစ်နဲ့ပွဲစဉ်မှာ ဂိုးသမား အိုနာနာရဲ့လက်စွမ်းကြောင့်သာ မဟုတ်ရင် ရှုံးပွဲကြုံရနိုင်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။
အိုနာနာဟာ အဆိုပါပွဲစဉ်အတွင်း အစ်ဆွစ်တိုက်စစ်မှူး ဒီလပ်ရဲ့ အပိုင်ပိတ်သွင်းမှု နှစ်ကြိမ်ကို ကာကွယ်နိုင်ခဲ့သလို ပွဲပြီးခါနီး ချက်ပလင်ရဲ့ ကန်ချက်ကို ကာကွယ်ခဲ့ပါတယ်။
ယူနိုက်တက်ကို လေ့ကျင့်ခန်းအစီအစဉ်နှစ်ခုသာ ကိုင်တွယ်ခဲ့တဲ့ အာမိုရင်က အသင်းကို ပြန်လည်တည်ဆောက်ဖို့ အချိန်ယူရဦးမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အာမိုရင်က “ကျွန်တော်တို့ အချိန်အကြာကြီး ကြိုးစားရဦးမှာဖြစ်ပြီး နိုင်ပွဲတွေရှာဖွေဖို့ ကြိုးစားရပါမယ်။ ဒါက အချိန်ယူရဦးမှာဖြစ်ပေမယ့် နိုင်ပွဲတွေရဖို့လိုတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အိုနာနာသာမရှိရင် ကျွန်တော်တို့ ရှုံးပွဲကြုံသွားနိုင်ပါတယ်။ အဲ့ဒီအချက်ကို ကျွန်တော်တို့ နားလည်ပြီး အခု နှစ်ရက်လေ့ကျင့်ချိန်အတွင်းမှာ ဒါတွေကို ပြောင်းလဲပစ်ရပါမယ်။”လို့ ပြောခဲ့ပါတယ်။