မန်ချက်စတာစီးတီးနဲ့ နောက်ထပ် ၂ နှစ်စာချုပ်သက်တမ်းတိုးမြှင့်ပြီးနောက် နည်းပြပက်ဂွါဒီယိုလာက ဘာကြောင့် အီတီဟတ်မှာ ဆက်လက်နေထိုင်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးမှာ နေထိုင်ခဲ့တဲ့ ၈ နှစ်တာကာလအတွင်း ပရီးမီးယားလိဂ် ၆ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်အပါအပါအဝင် စုစုပေါင်း ဆုဖလား ၁၈ ကြိမ်အထိ ဆွတ်ခူးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ စပိန်သားက “ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ ကျွန်တော် ဒီအသင်းကနေ မထွက်ခွာနိုင်သေးလို့ပါပဲ။ ဘာကြောင့်လဲဆိုတာ ကျွန်တော့်ကို လာမမေးပါနဲ့။ ၄ ပွဲဆက်ရှုံးလိုက်တာက ကျွန်တော့်ကို ဒီအသင်းမှာ ဆက်နေစေဖို့ တွန်းအားပေးလိုက်သလိုပါပဲ။ အသင်းက ကျွန်တော့်ကို ဆက်ပြီးလိုအပ်နေတယ်လို့ ခံစားခဲ့ရပြီး ဒါကြောင့်ပဲ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးကို ကိုင်တွယ်ခဲ့တဲ့ ပွဲပေါင်း ၄၉၀ မှာ ၃၅၄ ပွဲအထိ နိုင်ပွဲရယူပေးနိုင်ခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ် နိုင်ပွဲတွေ ဆက်လက်ဖော်ဆောင်ပေးလိုနေတာဖြစ်ပါတယ်။ ဘာစီလိုနာနည်းပြဟောင်းက “ကျွန်တော်ဒီမှာ နိုင်ပွဲတွေအများကြီး ရရှိခဲ့ပါတယ်။ ဒီအသင်းမှာ ချစ်ခြင်းမေတ္တာကို ခံစားရလို့ ၁၁ နှစ်ကြာတဲ့အထိ နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်တွေမှာကတည်းက ကျွန်တော်အကြိမ်ကြိမ်ပြောခဲ့ဖူးတာရှိပါတယ်။ အဲဒါကတော့ တကယ်လို့ ဒီမှာ ချစ်ခြင်းမေတ္တာကို မခံစားရတော့ဘူးဆိုရင် စာချုပ်ကျန်နေသေးရင်တောင် အသင်းရဲ့ဥက္ကဌကို ကျွန်တော် ထွက်ခွာမယ့်အကြောင်း ပြောသွားမယ်ဆိုတာပါပဲ။ အခုချိန်မှာတော့ ကျွန်တော့်အနေနဲ့ အသင်းက ကျွန်တော့်ကို ချစ်တယ်လို့ခံစားရလို့ နောက်ထပ်ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မန်စီးတီးနဲ့ ရေရှည်လက်တွဲနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်းကိုလည်း ဂွါဒီယိုလာက “ဒီကလပ်မှာရှိတဲ့ ရာထူးအားလုံးက အရမ်းတည်ငြိမ်မှုရှိပါတယ်။ ဌာနတိုင်းက တည်ငြိမ်ပါတယ်။ ပြီးတော့ အားလုံးကလည်း ကစားသမားတွေရဲ့ အရည်အသွေးကို ကောင်းကောင်းသိကြပါတယ်။ အခု ၉ နှစ် ၁၀ နှစ်အတွင်းမှာပေါ့။ ဒီကလပ်ကိုစရောက်လာတဲ့ ပထမဆုံးရာသီကို ကျွန်တော်သတိရနေတုန်းပါ။ ဒီကလပ်၊ အခြားအသင်းတွေနဲ့ ပရီးမီးယားလိဂ်အကြောင်းကို နားလည်ဖို့လိုအပ်နေခဲ့တဲ့ အချိန်ပေါ့။ ကျွန်တော်တို့ အောင်မြင်မှုရခဲ့တာက အကြောင်းအရင်းတွေ အများကြီးရှိခဲ့ပါတယ် ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။