ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ယူအီးအက်ဖ်အေ နေရှင်းလိဂ်ပွဲစဉ်တွေမှာ အင်္ဂလန်က အိုင်ယာလန်ကို ဂိုးပြတ်အနိုင်ရခဲ့ပြီး ဘယ်လ်ဂျီယံနဲ့ အီတလီတို့က အစ္စရေးနဲ့ ပြင်သစ်တို့ကို အသီးသီး ရှုံးနိမ့်ခဲ့ကြပါတယ်။
၁၉၉၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နယူးကာဆယ်ကစားသမား ၃ ဦးကို ပွဲထုတ်အသုံးပြုခဲ့တဲ့ အင်္ဂလန်ဟာ ယခုပွဲစဉ်မှာ ပထမပိုင်းအတွင်း အိုင်ယာလန်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေမယ့် ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ ၅ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအတွင်း ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ပေမယ့် အင်္ဂလန်ဟာ ဒုတိယပိုင်းမှ တစ်ယောက်လျော့သွားခဲ့တဲ့ အိုင်ယာလန်ကို အနိုင်ဂိုးတွေဆက်တိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၅၃ မိနစ်မှာ ဟယ်ရီကိန်းက ပင်နယ်တီမှ တစ်ဆင့် စတင်သွင်းယူပေးခဲ့ပြီး ဂေါ်ဒွန်၊ ဂယ်လာဟာ၊ ဘိုဝမ်နဲ့ ဟာဝုဒ်ဘဲလစ်တို့က တစ်ဂိုးစီထပ်မံသွင်ယူပေးခဲ့ကြတာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံကတော့ အုပ်စုအတွင်း အင်အားအနည်းဆုံးအသင်းလို့ ယူဆထားကြတဲ့ အစ္စရေးကို မထင်မှတ်ဘဲရှုံးနိမ့်ပြီး ရမှတ်ဆုံးရှုံးခဲ့ပါတယ်။ ပွဲအစမှာ အသားစီးနဲ့ ကစားနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံဟာ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။
ဒုတိယပိုင်းမှာတော့ အဓိကကစားသမားတွေ ပါဝင်နိုင်ခြင်းမရှိခဲ့တဲ့ ဘယ်လ်ဂျီယံအနေနဲ့ ပုံစံကောင်းကိုထိန်းသိမ်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အစ္စရေးက ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြန်လည်ပြုလုပ်လာနိုင်ခဲ့ပါတယ်။ အစ္စရေးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲပြီးကာနီး ၈၆ မိနစ်မှာ လူစားဝင်ကစားသမား ရှူယာက သွင်းယူပေးခဲ့ပြီး အဖိုးတန်အနိုင် ၃ မှတ်ရရှိစေခဲ့တဲ့အပြင် နေရှင်းလိဂ်မှာ ပထမဆုံးအကြိမ် နိုင်ပွဲရရှိစေခဲ့တာဖြစ်ပါတယ်။
အီတလီကို ၁-၃ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပြင်သစ်ကတော့ အုပ်စုရဲ့ပထမနေရာကို ဂိုးကွာခြားချက်အသာနဲ့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲအစ ၂ မိနစ်မှာပဲ ပြင်သစ်တို့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ကွင်းလယ်လူ ရာဘီယော့က သွင်းယူပေးခဲ့ကာ ၃၃ မိနစ်မှာတော့ အီတလီဂိုးသမား ဗီကာရီယိုက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့လို့ ၀-၂ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
၂ မိနစ်အကြာမှာ အီတလီအတွက် ချေပဂိုး ၁ ဂိုးကို ကမ်ဘီယာဆိုက ပြန်လည်သွင်းယူပေးခဲ့လို့ ပထမပိုင်းအတွင်း ၁-၂ နဲ့ ပြီးဆုံးခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အီတလီအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရကာ ဂိုးပေါက်ကန်သွင်းချက်တွေလည်း ပိုမိုပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ နောက်ထပ် သွင်းဂိုးတစ်ဂိုးထပ်မံခွင့်ပြုခဲ့ရပြီး ပြင်သစ်အတွက် ရာဘီယော့ကပဲ ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ယခုပွစဉ်ရဲ့ရလဒ်ကြောင့် ပြင်သစ်က အုပ်စုဗိုလ်နေရာကို ရောက်ရှိသွားပေမယ့် ၂ သင်းစလုံးဟာ နေရှင်းလိဂ် ရှုံးထွက်အဆင့်ကို ကိုယ်စီတက်ရောက်သွားနိုင်ခဲ့ပါတယ်။