ယမန်နေ့ညက အစ္စရေးကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအတွက် ပွဲထွက်ပါဝင်ခဲ့တဲ့ အာဆင်နယ်တောင်ပံကစားသမား လီအန်ဒရိုထရိုဆက်ဟာ ပထမပိုင်းမှာပဲ ဒဏ်ရာရရှိပြီး လူစားလဲခံခဲ့ရတာကြောင့် အာဆင်နယ်နည်းပြ မီခေးလ်အာတီတာအတွက် အသင်းရဲ့လူစာရင်းနဲ့ပတ်သက်ပြီး ခေါင်းကိုက်စရာဖြစ်လာခဲ့ပြန်ပါတယ်။
ထရိုဆက်ဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ ပြိုင်ပွဲစုံပွဲစဉ် ၁၇ ပွဲအတွင်း ၁၅ ပွဲအထိ ပါဝင်ကစားခွင့်ရထားကြောင့် အသင်းရဲ့ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ဒဏ်ရာရသွားပြီဖြစ်တာကြောင့် အာတီတာအနေနဲ့ အရေးပါတဲ့ကစားသမားကို ကာလအချို့တော့ အနားပေးသွားဦးမှာဖြစ်ပြီး အာဆင်နယ်ဟာ ဒဏ်ရာပြဿနာကြောင့် အဓိက ကစားသမား ၆ ဦးအထိ လက်လွှတ်ထားရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့က အီတလီကို ရှုံးနိမ့်ခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအတွက် မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ထရိုဆက်ဟာ အစ္စရေးနဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ထပ်မံပါဝင်ခွင့်ရခဲ့ပေမယ့် ပထမပိုင်း ပွဲကစားချိန် ၃၇ မိနစ်မှာပဲ ဒဏ်ရာရရှိပြီး လူစားလဲခံခဲ့ရပါတယ်။ ကစားသမားအနေနဲ့ လူစားလဲခံခဲ့ရလို့ ကျေနပ်ပုံမရပေမယ့် ဘယ်လ်ဂျီယံနည်းပြ ဒိုမီနစ်တီဒက်စ်ကိုကတော့ နောက်ထပ် ဒဏ်ရာထပ်မရစေဖို့ လူစားလဲရန် ဆုံးဖြတ်ခဲ့ပုံပေါ်ပါတယ်။
ဒါကြောင့် ယခုအခါမှာတော့ အာဆင်နယ်ဟာ ထရိုဆက်အပါအဝင် နိုင်ငံတကာပွဲစဉ်တွေမှာ နိုင်ငံအသင်းတွေအတွက် မပါဝင်နိုင်တဲ့ ဘူကာယိုဆာကာ၊ ဒီကလန်ရိုက်စ်၊ ရီကာဒိုကာလာဖီအိုရီ၊ ဘန်ဝှိုက်နဲ့ တိုမီယာစုတို့ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရပြီဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် အဆိုပါ ကစားသမား ၆ ယောက်ကို ထည့်သွင်းအသုံးပြုနိုင်တော့မှာမဟုတ်ပါဘူး။
၂၀၂၃ ခုနှစ်မှာ ဘရိုက်တန်မှ အာဆင်နယ်သို့ စတင်ရောက်ရှိခဲ့တဲ့ ထရိုဆက်ဟာ အသင်းအတွက် ဂိုး ၂၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၁၃ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အင်္ဂလိပ်ဘောလုံးလောကသို့စတင်ဝင်ရောက်လာခဲ့တဲ့ ထရိုဆက်ဟာ လက်ရှိအချိန်မှာတော့ သွင်းဂိုး ၄၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
လောလောဆယ် ထရိုဆက်ရဲ့ဒဏ်ရာအခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာတော့ ပါဝင်ဖို့ ကြံ့ခိုင်မှုပြည့်ဝတဲ့ အခြေအနေမှာမရှိပါဘူး။ သို့သော်လည်း အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်တွေမှာ မပါဝင်ဘဲ ကြံ့ခိုင်မှုပြည့်ဝအောင် အားမွေးနေတဲ့ အသင်းခေါင်းဆောင် အိုဒီဂတ်ပြန်လည်ကစားနိုင်ပြီဖြစ်လို့ အပြုသဘောဆောင်တဲ့ အခြေအနေအချို့လည်း ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။