ချဲလ်ဆီး နဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း ကွန်တီကတော့ အင်တာကိုသရေကျခဲ့တဲ့ပွဲမှာ VAR နဲ့ပတ်သက်ပြီး ဒေါသတကြီးဝေဖန်လိုက်ပါတယ်။ နာပိုလီအသင်းက တိုမီနေးရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အင်တာမီလန်က ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ကာဟန်နိုဂလူက သွင်းယူပေးခဲ့ပါတယ်။
တူရကီစတားဟာ အင်တာအတွက် နိုင်ပွဲရယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ပင်နယ်တီကန်ချက်က တိုင်ထိထွက်ခဲ့တာကြောင့် နစ်နာခဲ့ရတာဖြစ်ပါတယ်။ အဆိုပါပင်နယ်တီပေးခဲ့တာနဲ့ပတ်သက်ပြီး ကွန်တီက VAR ကို ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း အန်ဂွီဆာ နဲ့ ဒမ်ဖရိုင်းတို့ အနည်းငယ်သာထိခဲ့ပေမယ့် VAR က ပင်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။
ပွဲအပြီးမှာ ကွန်တီက “VAR က ဘာကြောင့်ကြားမဝင်တာလဲဗျ။ အခြေအနေတွေက အခုလိုမျိုးဖြစ်နေတယ်ဆိုရင် ကြားဝင်သင့်ပါတယ်။ တစ်စုံတစ်ခုအမှားရှိနေတယ်ဆိုရင် ကြားဝင်ပေးရမှာပါ။ ဒီလိုဖြစ်ရပ်တွေက ပွဲတွေကိုပြောင်းလဲနိုင်ပါတယ်။ ဒီအရာ ကျွန်တော့်ကို ဒေါသထွက်စေသလို နည်းပြအားလုံးကို ဒေါသထွက်စေပါတယ်။
ဒိုင်တွေဘက်က အမှားမမြင်ခဲ့ရင် VAR က ထောက်ပြရပါမယ်။ လူတိုင်းပါဝင်နိုင်မယ့် အခြေအနေမျိုးဖြစ်နေရပါမယ်။ ဒိုင်တွေက ဒီလိုဖြစ်ရပ်တွေကို မြင်သင့်ပါတယ်။ အဲ့နောက် ဆုံးဖြတ်ချက်ကို အတည်ပြုရမှာပါ”လို့ ကွန်တီက ပြောကြားခဲ့ပါတယ်။ VAR အမှားတွေက ဥရောပတစ်ခွင်မှာဖြစ်ပွားနေတာဖြစ်ပြီး ဒိုင်တွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေရှိနေသလို အခု VAR နဲ့ပတ်သက်ပြီးလည်း မေးခွန်းထုတ်စရာတွေရှိနေတာဖြစ်ပါတယ်။
အင်တာကို သရေကျခဲ့တာကြောင့် နာပိုလီက ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပေမယ့် ထိပ်ဆုံး ၄ သင်းကြားမှာ ရမှတ်ကွာဟမှုက ၁ မှတ်သာရှိနေတာဖြစ်ပါတယ်။