အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့နံနက် အင်တာမီလန်ကို ၁-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူနဲ့ ခေါင်းချင်းယှဉ်တိုက်ရင်း ဦးခေါင်းဒဏ်ရာရခဲ့တဲ့ ကိုင်ဟားဗတ်ဇ်အနေနဲ့ တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်ဟာ အနိုင်ရဖို့လုံလောက်တဲ့အင်အားစိုက်ထုတ်မှုမျိုးလုပ်နိုင်ခဲ့ပေမယ့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ အင်တာမီလန်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ဒီရာသီ ပထမဆုံးအကြိမ် ဥရောပရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။
ဟားဗတ်ဇ်ဟာ ပွဲပြီးကာနီး နာကျင်အချိန်ပိုရောက်မှ ဒဏ်ရာရခဲ့တာဖြစ်ပြီး အာတီတာက ဂျာမန်သားကို အသင်းခေါင်းဆောင် မာတင်အိုဒီဂတ်နဲ့ လူစားလဲ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ နှောင်းပိုင်းမှာကတည်းက နော်ဝေးအသင်းအတွက်ကစားရင်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့တဲ့ အိုဒီဂတ်အနေနဲ့ ကာလရှည်အနားယူခဲ့ရပြီး ယခုပွဲစဉ်မှသာ ပထမဆုံးအကြိမ် ပြန်လည်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ အာတီတာက ဟားဗတ်ဇ်ရဲ့ဒဏ်ရာဟာ ပြင်းထန်ခြင်းမရှိပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ချဲလ်ဆီးနဲ့ပွဲမှာ ပါဝင်နိုင်ဖို့မျှော်လင့်တယ်လို့ ဆိုပါတယ်။ စပိန်သားက “ကိုင်ဟားဗတ်ဇ်က ခေါင်းကွဲသွားပါတယ်။ ဒါကြောင့် ခေါင်းကိုချုပ်ဖို့ လိုအပ်ခဲ့လို့ သူ့ကိုလူစားလဲခဲ့တာပါ။ လာမယ့် ချဲလ်ဆီးနဲ့ပွဲမှာတော့ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ကွင်းလယ်လူ မီခေးလ်မာရီနိုကြောင့် ပထမပိုင်းမှာ ပင်နယ်တီပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီသွင်းဂိုးနဲ့ပဲ ရှုံးနိမ့်ခဲ့တာဖြစ်ပေမယ့် အာတီတာကတော့ မာရီနိုကို ပထမပိုင်းအပြီးမှာ လူစားလဲခဲ့ခြင်းမှာ ပင်နယ်တီပြစ်ဒဏ်ဘောကျူးလွန်ခဲ့လို့ဟုတ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အာတီတာက “မာရီနိုကိုလူစားလဲခဲ့တာ ရလဒ်နဲ့မဆိုင်ပါဘူး။ ဒဏ်ရာကြောင့်လည်းမဟုတ်ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးနဲ့ပွဲမှာသူ့ကို ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝနေစေဖို့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ကိုရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်ဟာ ယခုအခါမှာလည်း ရှုံးပွဲကြုံတွေ့ခဲ့တာကြောင့် ၂ ပွဲဆက်အရှုံးနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အာတီတာက လာမယ့်ချဲလ်ဆီးနဲ့ပွဲမှာတော့ အာဆင်နယ်အနေနဲ့ အကောင်းဆုံးပြန်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကို “ကျွန်တော်တို့ ကစားနေကျပုံစံအတိုင်းကစားမယ်ဆိုရင် ချဲလ်ဆီးကိုအနိုင်ရဖို့ အခွင့်အရေးကြီးကြီးမားမားရှိပါတယ်။ အခုပွဲမှာလည်း အသင်းရဲ့စွမ်းဆောင်ရည်ကို ဂုဏ်ယူမိပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။