လီဗာပူးနည်းပြ အန်းစလော့က အဓိက ကစားသမားသုံးဦးရဲ့ စာချုပ်အခြေအနေကို မဖြေရှင်းနိုင်သေးတာက အသင်းအတွက် ပြဿနာဖြစ်လာနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။ ယနေ့ည ဘရိုက်တန်နဲ့ပွဲမတိုင်ခင် စလော့က ဗန်ဒိုက်၊ ဆာလက်၊ အာနိုးလ်တို့ရဲ့ စာချုပ်အခြေအနေတွေက မရေရာတဲ့ အခြေအနေမှာသာ ရှိသေးကြောင်း ဖွင့်ဟထားပါတယ်။
အဆိုပါကစားသမားသုံးဦးစလုံးဟာ ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဗန်ဒိုက်က စာချုပ်သစ်အတွက် ဆွေးနွေးနေပေမယ့် စလော့ကတော့ ဒီလိုမရေရာတဲ့ စာချုပ်အခြေအနေတွေက အသင်းအတွက် ပြဿနာဖြစ်လာနိုင်တယ်လို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။
စလော့က “ဒီကစားသမားတွေသာ လက်ရှိခြေစွမ်းမျိုး မပြနိုင်တော့ဘူးဆိုရင် စာချုပ်အခြေအနေက ပြဿနာဖြစ်လာနိုင်ပါတယ်။ သူတို့ ခြေစွမ်းကောင်းတွေ မပြသနိုင်တော့ရင် ဒါက စာချုပ်အခြေအနေတွေနဲ့ ဆိုင်လားဆိုတာ ကျွန်တော် မသေချာပေမယ့် သူတို့သုံးဦးစလုံး လက်ရှိမှာ ခြေစွမ်းကောင်းတွေ ပြသနေဆဲ ဖြစ်ပါတယ်။
ဗန်ဒိုက်ရဲ့စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေပေမယ့် သူနဲ့ဆွေးနွေးနေတာက ခင်ဗျားတို့သိတဲ့အတိုင်း ကျွန်တော် မဟုတ်ပါဘူး။ ကျွန်တော်က သူနဲ့ အခြားအရာတွေ ဆွေးနွေးရတာပါ။ ဒါကြောင့် ဒီကိစ္စတွေအပေါ် စောင့်ကြည့်ရဦးမှာပါ။”လို့ ပြောခဲ့ပါတယ်။
စာချုပ်သစ်ကိစ္စအတွက် ကောလာဟလမျိုးစုံထွက်နေပေမယ့် လီဗာပူးအသင်းကတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဦးဆောင်နေဆဲ ဖြစ်ပါတယ်။